Home
မြန်မာသတင်း
သပိတ်ကျင်းမြို့နယ်၌ တိုက်ပွဲပြင်းထန်
DVB
·
March 11, 2025

မန္တလေး-မြစ်ကြီးနားလမ်းပေါ်က တွင်းငယ်ရွာနဲ့ သပိတ်ကျင်း ၇ မိုင်ရွာအကြားက နေရာတွေမှာ တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ဝန်းကျင်ရှိလာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက တွင်းငယ်ရွာကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၇ ရက်မှာထိန်းချုပ်လိုက်သလို သပိတ်ကျင်းမြို့ကို  ဩဂုတ် ၂၅ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တွင်းငယ်ရွာနားမှာရှိတဲ့ အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၃)၊ ၇ မိုင်ရွာမှာရှိတဲ့ စခတ-၂ ခေါ် စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ ကျောက်ကြီးရွာက နည်းပညာတပ်တွေ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်တယောက်က  “စစ်ကောင်စီက ပြန်ပြီးတော့မှ သူတို့ထိုးစစ်ပေါ့နော် ပြန်ဆင်နေတဲ့အနေအထားရှိတယ်။ သူတို့ထိုးစစ်ပြန်ပြီးကစားလာတာက ဖေဖော်ဝါရီလကုန်ကနေ လက်ရှိအခြေအနေထိ သူတို့ထိုးစစ်က စနေတာပေါ့။ အရင်တပတ်က ဒရုန်းလည်း ကောင်းကောင်း အသုံးပြုနေတာတွေရှိတယ်။ သူတို့ထိုးစစ်က တပြိုင်တည်းထိုးတယ်လို့ သုံးသပ်လို့ရမယ်ဗျ။ ၃ နေရာလုံးပေါ့နော်၊ ၇ မိုင်ရော၊ ကျောက်ကြီးရော၊ ၁၃ ရောပေါ့နော် တတက ၁၃ ရောပေါ့။ ၃ နေရာလုံးကို တပြိုင်တည်းထိုးစစ်ဆင်တယ်”လို့ ပြောပါတယ်။

တွင်းငယ်ရွာကိုတော့ စစ်တပ်က ပြီးခဲ့တဲ့ဒီဇင်ဘာလမှာပြန်လည် ထိန်းချုပ်နိုင်ထားပြီး လက်ရှိအခြေအနေကတော့ မီတာ ၅၀ လောက်အကွာမှာ နှစ်ဖက်တပ်တွေဆိုင်ထားတဲ့အခြေအနေ ဖြစ်ကြောင်းသိရပါတယ်။

ဒါ့အပြင် စစ်တပ်က တပ်စခန်းတွေအားလုံးကို လေကြောင်းကနေ ရိက္ခာ၊ လက်နက်၊ စစ်အင်အား ဖြည့်နေခဲ့ပြီး ဖေဖော်ဝါရီလကုန်ကစ ဝိုင်းပိတ်ခံထားရတဲ့ တပ်စခန်းတွေကနေ ထွက်နိုင်ဖို့အတွက် တန်ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

သပိတ်ကျင်းမှာ လှုပ်ရှားနေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး   ရဲဘော်နီနီကျော်က “၇ မိုင်မှာ တိုက်ပွဲ နေ့တိုင်းလို ဖြစ်နေတယ် ကြားရပါတယ်။ စကစရဲ့ ဒရုန်း ၃ စီးကို ဖျက်ချနိုင်ခဲ့တယ်လို သိရပါတယ်။ အရေးကြီးတဲ့ ပွိုင့်တွေမှာဆိုရင် အပြန်အလှန် ပြန်သိမ်းတဲ့အချိန်တွေမှာ တိုက်ပွဲပြင်းထန်ကြတယ်။ ၇ မိုင်ဘက်က လောလောဆယ် ပိုပြင်းထန်နေတယ်။  တွင်းငယ်ဘက်လည်း ပြင်းထန်တဲ့ရက်တွေလည်း ရှိတယ်။ စကစ တွေက တိုက်လိုက်၊ နားလိုက်၊ ခဲယမ်းပြန်ဖြည့်လိုက် လာတိုက်လိုက်ပဲ။ ဒရုန်းဗုံးသီးက ၅ ပေါင် ရေးနွေးဓာတ်ဘူးအကြီး တလုံးစာလောက်ကြီးတဲ့ ဗုံးတွေပေါ့ ”လို့ ပြောပါတယ်။

ဒီလို လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တွင်းငယ်ရွာ အပါအဝင် ကျောက်ဖျာ၊ ကျောက်အိုး၊ ပန်းပင်၊ မတ်တော်မူ၊ စမ္ပါယ်နဂို၊ ရေညာဦး၊ ၄ မိုင်၊ ၆ မိုင်၊ ၇ မိုင် ဝန်းကျင်တွေမှာရှိကြတဲ့ ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရတာ ၈ လဝန်းကျင်ကြာမြင့်လာပါပြီ။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၀၀၀၀ နီးပါးနေထိုင်ခဲ့ကြတဲ့ တွင်းငယ်ရွာမှာတော့ စစ်ကောင်စီတပ်တွေ ပြန်ရပြီးနောက် ပစ်ကွင်းရှင်းဖို့ဆိုပြီး နေအိမ်တွေကို မီးရှို့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်ဆီးခဲ့ရပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013