Home
မြန်မာသတင်း
ဘားအံတွင် ဖမ်းဆီးခံထားရသည့် ကုန်တင်ယာဉ်များထဲမှ ၉၃ စီးကို ပြန်လွှတ်ပေး
DVB
·
March 12, 2025

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကုန်တင်ယာဉ် ၃၅၉ စီးထဲမှ ၉၃ စီးဟာ ဂျူတီကုန်နဲ့ လိုင်စင်ရှိယာဉ်တွေ ဖြစ်တာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး ကျန်ကုန်တင်ယာဉ်တွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ယာဉ်တချို့ ပါဝင်တယ်လို့ ဘားအံမြို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

မတ် ၅ ရက် ညပိုင်းကစပြီး ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၃၅၉ စီးကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအမိန့်နဲ့ ဖမ်းဆီးခဲ့တာပါ။ 

ဖမ်းဆီးခံထားရတဲ့ ကုန်တင်ယာဉ် ၃၅၉ စီးထဲက တရားဝင် ကုန်စည်တွေ တင်ဆောင်လာတာ ဟုတ်၊ မဟုတ် ပြည်နယ်အကောက်ခွန်ဦးစီးဌာနက  စစ်ဆေးနေတာပါ။

ရပ်မိရပ်ဖတယောက်က “အခုလောလောဆယ် မနေ့ကအထိက ၉၃ စီးက ထွက်သွားပြီ။ ထွက်သွားတယ် ဆိုတာက မှတ်ပုံတင်ထားတဲ့ လိုင်စင်ကားလည်း ဖြစ်တယ်၊ ဂျူတီဆောင်လာတယ်၊ ဂျူတီမှာ သူက ပိုတဲ့ဟာတွေ ပါတယ်၊ အဲဒီပိုတဲ့ဟာတွေကိုတော့ ဒဏ်ရိုက်ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ ကုန် without နဲ့ ကား without ကတော့ ဘယ်လိုချမလဲ မသိသေးဘူး။  သူတို့စစ်တုန်းပဲ မပြီးသေးဘူး။ ကုန် without နဲ့ ကား without အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ကားတွေပဲ။ တော်တော်များများပါတယ်။ ဘယ်လို လုပ်ကြမလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ယာဉ်တွေကို ကရင်နှစ်သစ်ကူး(သီရိ) ကွင်းကို ပို့ဆောင်ထားပြီး ပြည်နယ်အကောက်ခွန်ဦးစီးဌာနက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက် စစ်ဆေးအရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားခဲ့ပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်လာပါတယ်။

လက်နက်ကိုင်အဖွဲ့ဆိုရင် PC က အဲဒီခွင် လုပ်စားတာများတယ်လို့ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) သတင်းရင်းမြစ်က ပြောပါတယ်။

“ကျနော်တို့ လူကြီးတွေ အဲဒီကိစ္စမှာ ဘာမှ အသံထွက်တာတော့ မရှိဘူး။ လက်နက်ကိုင်အဖွဲ့ဆိုရင် PC ရှိမယ်။  PC က အဲဒီခွင်လုပ်စားတာ များတယ်လေ။ ထို့ကော်ကိုးလမ်းရှင်းတာတို့ ဘာတို့ဆိုရင် သူပဲ ဌာနချုပ်လက်မှတ်တို့ ဘာတို့ ထုတ်ပေးပြီးတော့ တာဝန်ခံနဲ့ရှင်းကြတယ်။ PC အဖွဲ့တွေ ပါမယ်။  လက်နက်ကိုင်အဖွဲ့ပေါ့။ အခုက ကုန်ပစ္စည်းတွေကော ကားသမားတွေကော အထိန်းသိမ်းခံထားရတယ်လို့  ကျနော်လည်း ကြားတယ်။ နောက်ပြီးတော့ ကုန်ပစ္စည်းက တရားဝင်မဟုတ်တာတွေ တင်များတယ်။”

ဖမ်းဆီးခံထားရတဲ့ ကုန်စည်၊ ကုန်တင်ယာဉ်တွေနဲ့ပတ်သက်ပြီး KNU/KNLA(PC) ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်ကို DVB က ဆက်သွယ်မေးမြန်းရာမှာ ကားတွေကိစ္စကလေ ဘားအံဆက်ဆံရေးရုံးကိုပဲ ဆက်သွယ်မေးကြည့်ဖို့နဲ့ အဲဒီဘက်က အခြေအနေကို သိပ်ပြီး လက်လှမ်းမမီဘူး ဖြစ်နေတယ်လို့ ပြောဆိုခဲ့တာကြောင့် ဘားအံမြို့ ဆက်ဆံရေးရုံးကို ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ခေါ်ဆိုလို့ မရခဲ့ပါဘူး။ 

အဆိုပါ ကုန်စည်တင်ယာဉ်တွေဟာ မြဝတီမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး  လမ်းကြောင်းတလျှောက် လက်နက်ကိုင်အဖွဲ့စုံဂိတ်တွေနဲ့ စစ်ကောင်စီဂိတ်တွေကို ဂိတ်ကြေးပေး ဖြတ်သန်းလာရပြီးနောက် ဘားအံမြို့အဝင်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013