Home
မြန်မာသတင်း
ဘားအံတွင် ဖမ်းဆီးခံရသည့် ယာဉ် ၃၀၀ ကျော်ကို အကောက်ခွန်ဌာနက စစ်ဆေးနေ
DVB
·
March 7, 2025

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကုန်တင်ယာဉ် ၃၅၉ စီးကို တရားဝင်ကုန်စည်တွေ တင်ဆောင်လာတာ ဟုတ်မဟုတ် ပြည်နယ်အကောက်ခွန်ဦးစီးဌာနက စစ်ဆေးနေပြီလို့ ဘားအံမြို့ ရပ်မိရပ်ဖတွေဆီက သိရပါတယ်။

မတ် ၅ ရက် ညပိုင်းကစပြီး ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၃၅၉ စီးကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအမိန့်နဲ့ ဖမ်းဆီးခဲ့တာပါ။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ယာဉ်တွေကို ကရင်နှစ်သစ်ကူး(သီရိ)ကွင်းကို ပို့ဆောင်ထားပြီး ပြည်နယ်အကောက်ခွန်ဦးစီးဌာနက စတင်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ရပ်မိရပ်ဖတယောက်က “ကားအစီး ၃၅၉ စီးက ပြန်လွှတ်ဖို့မရှိဘူး။ တရားဝင်ကား(လိုင်စင်) ဟုတ်မဟုတ်နဲ့ ဂျူတီကား ဟုတ်မဟုတ်။ ကား without ၊ ကုန်လည်း without ဆိုရင် သူတို့ တွယ်တော့မှာ။ အခု Customs စစစ်နေပြီ။ ကားတွေ သီရီကွင်းထဲမှာပဲ” လို့ ပြောပါတယ်။

မြဝတီမြို့ကနေ ထွက်ခွာလာတဲ့ အဆိုပါ ကုန်စည်တင်ယာဉ်တွေဟာ လမ်းကြောင်းတလျှောက် လက်နက်ကိုင်အဖွဲ့စုံဂိတ်တွေနဲ့ စစ်ကောင်စီဂိတ်တွေကို ဂိတ်ကြေးပေး ဖြတ်သန်းလာရတာဖြစ်ပြီး အခုလို ဘားအံမြို့အဝင်မှာ ဖမ်းဆီးလိုက်တာကြောင့် ကုန်သည်တွေ နစ်နာရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေး အရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားခဲ့ပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်လာပါတယ်။

နိုင်ငံခြားပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ကို ပေးသွင်းရပြီး အပြင်သတ်မှတ်ပေါက်ဈေးထက် ဈေးကွာခြားတာတွေကြောင့် ကုန်သည်တွေအနေနဲ့ သွင်းကုန်ရရှိဖို့ ပို့ကုန်ကို အရှုံးခံ တင်ပို့နေရပေမဲ့ သွင်းကုန်လိုင်စင်ရရှိဖို့ ခက်ခဲတာကြောင့် တရားမဝင်ကုန်သွယ်မှုတွေ ပြုလုပ်နေရတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013