Home
မြန်မာသတင်း
ဘားအံတွင် ထိုင်းကုန်စည်တင်လာသည့် ယာဉ်အစီး ၃၀၀ ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
March 6, 2025

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မတ် ၅ ရက် ညပိုင်းကစပြီး ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ တင်ဆောင်လာတဲ့ ကုန်စည်တင်ယာဉ် ၃၀၀ ကျော်ကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအမိန့်နဲ့ ဖမ်းဆီးထားတယ်လို့ ဘားအံမြို့ ရပ်မိရပ်ဖတွေဆီက သိရပါတယ်။

အဆိုပါယာဉ်တွေကို ကရင်နှစ်သစ်ကူး (သီရိ) ကွင်း၊ ပြည်နယ်ရဲဝန်းထဲနဲ့ တက္ကသိုလ်လမ်း သိမ်တော်ကြီးကွေ့မှာ ကုန်စည်တင်ယာဉ်တွေကို စုရပ်အဖြစ်ထားရှိပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေး အရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားခဲ့ပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာပါတယ်။

ရပ်မိရပ်ဖတယောက်က “ကားကြီးတွေ သက်သက်ဖမ်းတာ၊ အစီး ၃၀၀ ကျော်တယ်။ မနေ့က သူတို့ လျှပ်တပြက် ရှိတယ်လေ။ ဂိတ်တွေလိုက်စစ်တယ်။ ဘယ်ဂိုထောင်လဲမသိဘူး။ ဒုတိုင်းမှူးကိုယ်တိုင် သွားစစ်တဲ့ အခါကျတော့ ကယ်မီကယ်တွေ တွေ့တယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဓာတုတွေ။ အဲဒီမှာတွေ့တော့ ပတ်ရမ်းတာပေါ့။ မြဝတီဘက်က ဆင်းလာတဲ့ ကားအားလုံး မနေ့ညက အကုန်ဖမ်းလိုက်တယ်” လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကနေ ကုန်သွယ်ရာမှာ ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ကို ပေးသွင်းပြီး စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ဈေးအတိုင်း ပြန်လည်ရောင်းချပေးသွားမယ်လို့ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံခြား ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ကို ပေးသွင်းရပြီး အပြင်သတ်မှတ်ပေါက်ဈေးထက် ဈေးကွာခြားတာတွေကြောင့် ကုန်သည်တွေ အရှုံးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တဖက်မှာလည်း ကုန်သည်တွေအနေနဲ့ သွင်းကုန်ရရှိဖို့ ပို့ကုန်ကို အရှုံးခံတင်ပို့နေရပေမဲ့ သွင်းကုန်လိုင်စင် ရရှိဖို့ ခက်ခဲတာကြောင့် တရားမဝင်ကုန်သွယ်မှုတွေ ပြုလုပ်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013