Home
မြန်မာသတင်း
ရေဦးတွင် လေကြောင်းတိုက်ခိုက်ခံရပြီး ဘုန်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီး
DVB
·
March 12, 2025

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပလူဇဝကျေးရွာအုပ်စု၊ အောင်သုခကျေးရွာက ဘုန်းတော်ကြီးကျောင်းအနီးကို စစ်ကောင်စီတပ်က မတ် ၁၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံ ရွာသားတယောက်က “မြေပြင်မှာတော့ တိုက်ပွဲဖြစ်တာတော့ မရှိပါဘူး။ သူတို့ ဘာသတင်းရလို့လဲတော့ မသိဘူး။ ရတဲ့သတင်းကလည်း ခိုင်မာမှုမရှိတာရော၊ မှားယွင်းကြဲတာရော ဖြစ်နိုင်တယ်။ အဲလိုကြဲလို့ ကျနော်တို့ရွာက ဘုန်းကြီးကျောင်း အမိုးပေါက်တာတွေ ရှိတယ်။ ရွာထဲကအိမ်တွေလည်း အမိုးပေါက်တာတွေ ရှိခဲ့တယ်ဗျ။‌ ဓမ္မာရုံတလုံး ပျက်စီးပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းအဝင် ခရေပင်ပေါ် တည့်တည့်ချသွားတာပါ။ ခရေပင်ကတော့ အကုန်ကျိုးကြေ ပြတ်ထွက်သွားတယ်” လို့ ပြောပါတယ်။

အောင်သုခကျေးရွာဟာ အိမ်ခြေ ၁၀၀ နီးပါးရှိတဲ့ ကျေးရွာတရွာဖြစ်သလို ရေဦးမြို့နဲ့ မိုင် ၂၀ နီးပါးခန့် ကွာဝေးပြီး ရေဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ် စတဲ့ ၃ မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

ရေဦးမြို့နယ်ပကဖ တာဝန်ရှိသူ ကိုပြည့်ကြီးက “စစ်တပ်ကတော့ဗျာ သူတို့ထင်သလို လုပ်နေတာပဲ။ အခုဟာကလည်း ကျနော်တို့ စိုးမိုးနယ်မြေ ဖြစ်ပေမဲ့ ဘာတိုက်ပွဲမှမရှိတဲ့ နေရာတွေကို ပတ်ကြဲနေတာ။ ဘာသတင်းရတာလဲ ဆိုတာတော့ စကစ တွေပဲ အတိအကျ သိလိမ့်မယ်။ ကျနော်တို့ မြေပြင်မှာတော့ အဲရွာတွေမှာ သာမန်အရပ်သားတွေပဲနေတဲ့ ကျေးရွာတရွာပါပဲ” လို့ ပြောပါတယ်။

အောင်သုခကျေးရွာအနီးကို မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲချတာဖြစ်ပြီး အနီးနားက ကနီမြို့နယ် ကျောက်လှေကားရွာကိုလည်း စစ်တပ်က ဖေဖော်ဝါရီ ၁၆ ရက်က တကြိမ်၊ ဖေဖော်ဝါရီ ၁၈ ရက်က တကြိမ် လေယာဉ်နဲ့ ဗုံးကြဲချလို့ လူနေအိမ်တွေ ပျက်စီးပြီး ကလေးသူငယ် အပါအဝင် ပြည်သူအများအပြားလည်း သေဆုံးခဲ့ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024