
ရုရှားဟာ ယူကရိန်း စစ်လေယာဉ်တစင်းနဲ့ ဒရုန်းဒါဇင်ပေါင်းများစွာကို ပစ်ချခဲ့ကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းကလည်း သူ့တပ်ဖွဲ့တွေဟာ ရုရှားရေနံချက်စက်ရုံတွေကို တိုက်ခိုက်ခဲ့ကြောင်း ၂ နိုင်ငံရဲ့ နောက်ဆုံးထွက်သတင်းတွေအရ သိရပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ရက်တွေမှာ ဒွန်းနက်စ်ခ်ဒေသက ရပ်ရွာနေရာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းတိုက်ခိုက်မှု အများအပြားကို ချေမှုန်းခဲ့ပြီး ခါကိဗ်၊ အာ့ဗ်ဒေယက်ဗ်ကာ၊ ဒွန်နက်စ်ခ်၊ ဇာပိုရစ်ချ်ဇီယာ၊ ခါဆွန်နဲ့ တခြားလမ်းကြောင်းတွေမှာ ထိုးစစ်တွေ စတင်ခဲ့ကာ တင့်ကားတွေနဲ့ သံချပ်ကာယာဉ်တွေလို စစ်လက်နက်ပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ MiG-29 တိုက်လေယာဉ်တစင်းနဲ့ ဒရုန်းဒါဇင်ပေါင်းများစွာကို ပစ်ချခဲ့ပြီး လေကြောင်းက ဗုံးတွေနဲ့ ဒုံးပျံ အများအပြားကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနကနေ သိရပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ရုံးကလည်း တနင်္လာနေ့ မွန်းလွဲပိုင်းအထိ ရှေ့တန်းနယ်မြေတွေမှာ တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ကြောင်း တနင်္လာနေ့မှာ သတင်းပို့ပါတယ်။
ယူကရိန်းတပ်တွေဟာ ခါကိဗ်၊ ပို့ခ်ရော့စ်ဗ်စ်ခ်နဲ့ ကာ့စ်ခ် လမ်းကြောင်းတွေမှာ ရုရှားရဲ့ ထိုးစစ်အများအပြားကို တားဆီးထားတယ်လို့ ဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ ရုရှားနိုင်ငံ ရိုင်အေဇွန်နဲ့ ဆမားရာ ဒေသတွေရှိ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းဘက်က ပြောကြားခဲ့ပါတယ်။
Source : Reuters