Home
မြန်မာသတင်း
ညီနောင်မဟာမိတ် ၃ ဖွဲ့က တော်လှန်ရေးအဖွဲ့သစ်များအတွက် စံပြဖြစ်ဟုဆို 
DVB
·
March 11, 2025

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ လုပ်ဆောင်ချက်တွေဟာ နွေဦးတော်လှန်ရေး နောက်ပိုင်းပေါ်ထွက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းသစ်တွေအတွက် အတုယူစရာနဲ့ စံပြဖြစ်ခဲ့တယ်လို့  အာရက္ခတပ်တော် (AA) နဲ့ တအောင်းတပ် TNLA တို့က ပြောလိုက်ပါတယ်။

မတ်လ ၁၁ ရက် ဒီနေ့ ကျရောက်တဲ့ ၃၆ နှစ်မြောက် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့  မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ AAနဲ့ TNLA က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နဲ့ အာရက္ခတပ်တော် (ULA/AA) ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ တဖွဲ့ချင်းစီရဲ့ ဘုံရည်မှန်းချက်တွေအတွက် ညီညီညွတ်ညွတ်နဲ့ အတူတကွ၊ မရပ်မနား ချီတက်လာခဲ့ကြတာဟာ ၁၅ နှစ်လောက် ကြာမြင့်ခဲ့ကြပြီလည်း ဖြစ်ပါတယ်။

တော်လှန်‌ရေးကာလတွေမှာ လောကဓံရဲ့ အခက်အခဲပေါင်းများစွာကို အတူတူရင်ဆိုင်ခဲ့ကြပြီး တဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်ပြည့်မြောက်ဖို့  ကျန် ၂ ဖွဲ့ကလည်း အတတ်နိုင်ဆုံးဖေးမကူညီပေးခဲ့ကြတယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အဖွဲ့အစည်း၊ ခေါင်းဆောင်၊ တပ်ဖွဲ့ဝင်တွေအချင်းချင်းကြား အပြန်အလှန်ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ မိတ်ဖက်ပီသမှု၊ လေးစားမှုနဲ့ ယုံကြည်မှုတို့ကို အမြင့်ဆုံး တည်ဆောက်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လာမယ့် ကာလတွေမှာ ကိုးကန့်ဒေသ ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေးတွေအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ်ရဦးမှာဖြစ်ပြီး စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံကျော်လွှားကာ တခေတ်တခါက ကိုးကန့်အခြေအနေကို ပြန်ရောက်မယ်လို့ အပြည့်အဝ ယုံကြည်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေရှိလာရင် ညီနောင်မဟာမိတ်ပီသစွာနဲ့ စုစည်း ကျော်ဖြတ်သွားကြဖို့ အမြဲအသင့်ရှိနေပြီး ကိုးကန့်ရွှေ‌‌ရောင်နေ့ရက်တွေကို ပြန်လည် ရောက်ရှိလာပါစေလို့ ညီနောင်မဟာမိတ် ၂ ဖွဲ့ရဲ့ သဝဏ်လွှာမှာ ဆုတောင်းပေးထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013