Home
နိုင်ငံတကာ
မြောက်ကိုရီးယား ဟက်ကာများ ဒေါ်လာ ၁ ဘီလီယံခွဲ တန်ဖိုးရှိ ခရစ်ပတို ဖောက်ထွင်းမှုကြီး ကျူးလွန်
DVB
·
March 10, 2025
Photo: REUTERS/Valentyn Ogirenko

ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ ကမ္ဘာ့စံချိန်တင် ခရစ်ပတို ဖောက်ထွင်းမှုကြီး ကျူးလွန်ခဲ့တဲ့ မြောက်ကိုရီးယား ဟက်ကာတွေဟာ အဲဒီကနေ ဒေါ်လာ သန်း ၃၀၀ လောက် အနည်းဆုံး ထုတ်ယူလိုက်နိုင်ပြီလို့ ကျွမ်းကျင်သူတွေကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြပါတယ်။

Lazarus Group (လာဇရပ်စ်ဂရု) လို့ထင်ရှားတဲ့ အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ByBit (ဘိုက်ဘစ်) ခရစ်ပတိုအိတ်ချိန်းကို ဖောက်ထွင်းပြီး ဒစ်ဂျစ်တယ်တိုကင်တွေကို အမြောက်အမြား ခိုးယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ လိုက်လံခြေရာခံဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ဟက်ကာတွေက ခရစ်ပတိုကနေ ငွေသားအဖြစ် လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီနာမည်ကျော်ဟက်ကာအဖွဲ့ဟာ တနေ့ကို ၂၄ နာရီလောက် အလုပ်လုပ်နေပြီး ပိုက်ဆံတွေကို မြောက်ကိုရီးယား စစ်ဘက်ဖွံ့ဖြိုးရေးအတွက် အသုံးချနေတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

“ငွေကြေးလမ်းကြောင်းရှုပ်သွားအောင် လုပ်နေတဲ့ ဟက်ကာတွေအတွက် မိနစ်တိုင်းက အရေးကြီးပါတယ်။ သူတို့လုပ်နေတဲ့ကိစ္စက အင်မတန်ကို ရှုပ်ထွေးနက်နဲပါတယ်” လို့ ခရစ်ပတို စုံစမ်းစစ်ဆေးရေးအဖွဲ့ Elliptic တည်ထောင်သူ ဒေါက်တာ တွမ်ရော်ဘင်ဆင်က ပြောပါတယ်။

ခရစ်ပတိုငွေကြေးကို ခဝါချတဲ့နေရာမှာ မြောက်ကိုရီးယားက အတော်ဆုံးလို့လည်း မှတ်ချက်ချပါတယ်။

အခိုးခံရတဲ့ ခရစ်ပတိုအိတ်ချိန်း Bybit နဲ့ Elliptic တို့ရဲ့ တွက်ချက်မှုအရ အခိုးခံရတဲ့ ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းဟာ ခြေရာခံမရတော့တဲ့အတွက် ပြန်မရနိုင်တော့ဘူးလို့ သုံးသပ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က ByBit ရဲ့ supplier တွေထဲက တယောက်ကို ဟက်ကာတွေက ဖောက်ထွင်းပြီးတော့ အီသာရီယမ် ခရစ်ပတိုကွိုင် ၄၀၁,၀၀၀ ပို့လိုက်တဲ့ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် လိပ်စာကို လျှို့ဝှက်ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ခရစ်ပတိုအိတ်ချိန်း ByBit ကတော့ ဒီဟာတွေဟာ သူ့ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ထဲပဲ ရောက်သွားတယ်လို့ အစောပိုင်းမှာ ထင်ခဲ့တာဖြစ်ပါတယ်။

ByBit စီအီးအို ဘင်န်ကျိုး ကတော့ သူတို့အိတ်ချိန်းက သုံးစွဲသူတွေရဲ့ ရန်ပုံငွေတွေ မပါဘူးလို့ အာမခံထားပြီးတော့ ခိုးယူတဲ့ ဟက်ကာတွေကို ဆုကြေးထုတ် ရှာဖွေနေပါတယ်။

ခရစ်ပတို အရောင်းအဝယ်အားလုံးကို အများသိနိုင်တဲ့ blockchain လို့ခေါ်တဲ့ စာရင်းမှတ်တမ်းမှာ ဖော်ပြထားတာဖြစ်တဲ့အတွက် လာဇရပ်စ်အုပ်စုက ရွှေ့ပြောင်းတာကို ခြေရာခံဖို့ဖြစ်နိုင်ပါတယ်။

ဒီလိုလမ်းကြောင်းလိုက်ပြီးတော့ ခိုးထားတဲ့အထဲက ဒေါ်လာ သန်း ၄၀ လောက်ကို ပြန်ဖော်ထုတ်နိုင်ခဲ့သလို ခရစ်ပတိုလုပ်ငန်းတွေက ဒီအသွင်းအထုတ်တွေကို ဟန့်တားဖို့ လိုက်သတိပေးထားပါတယ်။ ဒါပေမဲ့ ပြဿနာက ခရစ်ပတိုကုမ္ပဏီတချို့က ကူညီပေးဖို့ ဆန္ဒမရှိတာ ဖြစ်ပါတယ်။

တခြား ခရစ်ပတို အိတ်ချိန်းတခုဖြစ်တဲ့ eXch  ကနေ ဒေါ်လာ သန်း ၉၀ လောက် ထုတ်သွားတယ်လို့ ByBit က စွပ်စွဲထားပါတယ်။

ဒါပေမဲ့ eXch ဘက်ကတော့ ဒါတွေဟာ ဖောက်ထွင်းခံရတဲ့ ခရစ်ပတိုတွေ ဟုတ်မဟုတ်ဆိုတာ မသေချာလို့ မဟန့်တားခဲ့တာ ဖြေရှင်းထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013