လေကြောင်းရန်ကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာက စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး အခက်အခဲတွေ ရှိနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတောရွာမှာ အိမ်ခြေ ၁၅၀ နီးပါးရှိပြီး လူဦးရေ ၅၀၀ ကျော် နေထိုင်တယ်လို့ သိရကာ လက်ရှိမှာ ဒေသခံတွေအားလုံး ကျေးရွာတွင်းကနေ တိမ်းရှောင်နေကြတာပါ။
စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ရတာ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲတွေ ရှိနေပြီး စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲမှာကို စိုးရိမ်လို့ ကျေးရွာထဲကို ပြန်မဝင်ရဲကြသေးဘဲ တောတွေမှာ တိမ်းရှောင်နေကြတာလို့ မတောရွာသူ မခင်ခင်မြင့်က ပြောပါတယ်။
စစ်ဘေးရှောင်တွေမှာ စစ်ရှောင်စခန်းရယ်လို့ အတည်တကျ သတ်သတ်မှတ်မှတ်မရှိဘဲ ကိုယ်နဲ့နီးစပ်ရာ တောတောင်တွေထဲမှာ တဲတွေထိုးကာ တိမ်းရှောင်နေကြရတဲ့အတွက် အမိုးအကာတွေ၊ စားသောက်စရာ ဆန်တွေ၊ သုံးစွဲစရာ ငွေကြေးအခက်အခဲတွေ ရှိနေတဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ မတောရွာသူ မမိုးမိုးက ပြောပါတယ်။
အဲဒီ စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ကျန်းမာရေးချို့တဲ့သူတွေလည်း ပါဝင်နေတယ်လို့ သိရပြီး တခါတရံ အကူအညီ ထောက်ပံ့မှုတွေ ရရှိပေမဲ့ လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇွန် ၃ ရက် မနက် ၈ နာရီခွဲ၀န်းကျင်မှာ မတောကျေးရွာက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ရဲ့ မင်္ဂလာဆောင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅၀ နီးပါး သေဆုံးခဲ့တာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) မြန်မာရဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ သန်းခွဲ ကျော် ရှိနေပါတယ်။