
မတ်လ ၈ ရက်ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေ ကတော့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်ခံထားရမှုနဲ့အတူ တန်းတူညီမျှရေးနဲ့ အသိအမှတ်ပြုခံရရေးအတွက် ကြိုးစားနေရဆဲဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သတ်မှတ်ဆောင်ပုဒ်က Accelerate Action (အရှိန်မြှင့်လုပ်ဆောင်ခြင်း) ဖြစ်ပါတယ်။ အမျိုးသမီးတွေ ဂျန်ဒါတန်းတူညီမျှရေးအတွက် အတူတကွ အရှိန်မြှင့်လုပ်ဆောင်ကြဖို့ ဒီနှစ်ဆောင်ပုဒ်က ရည်ရွယ်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း လူမှုအသိုက်အဝန်းထဲမှာ မျှတတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အမျိုးသမီးတွေရဲ့ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်တွေကလည်း အရေးကြီးတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ဒေါ်ဝေဝေက ပြောပါတယ်။
“နိုင်ငံရဲ့ အပြောင်းအလဲ တိုက်ပွဲတွေ၊ တော်လှန်ရေးကာလတွေနဲ့ ဒီနေ့ခေတ် နွေဦးတော်လှန်ရေးထိကို အမျိုးသမီးတွေက နောက်ချန်မနေခဲ့ဘဲနဲ့ ရှေ့တန်းကနေ အမျိုးသားတွေနဲ့ တန်းတူရင်ဆိုင်ပြီး တော်လှန်ရေးမှာ တိုက်ပွဲဝင်နေခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ လူမှုအသိုက်အဝန်း အတွင်းကတော့ အဲဒါကို အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ဦးဆောင်သူကဏ္ဍမှာ အသိအမှတ်ပြုမှုက အားနည်းနေပြီးတော့ အမျိုးသမီးတွေရဲ့ ပါဝင်နေမှုကို ပံ့ပိုးတဲ့နေရာ ထောက်ပံ့နေရာကပဲ မြင်နေခဲ့ကြ မြင်နေကြဆဲ ဖြစ်နေတာကလည်း အင်မတန်ကို စိတ်မကောင်းစရာတခု ဖြစ်တယ်။ ဒီလူမှုအသိုက်အဝန်းအတွင်းမှာ မျှတတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ဖို့ဆို လိုအပ်ချက်တွေ ရှိနေမှာဖြစ်တယ်။”
ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် ဂျန်ဒါတန်းတူညီမျှရေး အပြည့်အဝရဖို့ကို လက်ရှိအခြေအနေအရဆို မျိုးဆက် ၅ ခုလောက်ထိ အချိန်ယူဖို့ လိုအပ်ကြောင်းကိုလည်း ကမ္ဘာ့စီးပွားရေးဖိုရမ်ကနေ ပြောဆိုထားတာ ရှိပါတယ်။
ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာလည်း အာဏာရှင်ကို တွန်းလှန်ရင်း စနစ်ဆိုးတွေကိုပါ တိုက်ထုတ်ဖို့လိုကြောင်း မြေပြင်မှာ ထောက်ပို့လုပ်ငန်းစဉ်တွေ လုပ်ကိုင်နေတဲ့ 96 soldiers ရဲ့ ဘဏ္ဍာရေးတာဝန်ခံ ရဲဘော်ဖူးက ပြောပါတယ်။
“ထောက်ပို့လုပ်ငန်းစဉ်တွေကို အများဆုံးလုပ်ဆောင်ခဲ့တယ်။ အမျိုးသမီးဖြစ်လို့ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အခြေအနေတွေလည်း ရှိခဲ့သလို အမျိုးသမီးဖြစ်လို့ အလှူငွေရှာတဲ့ အပိုင်းမှာလည်း အားသာချက်လေးတွေ ရှိခဲ့တယ်။ ဆိုတော့ ကျမတို့တွေက အာဏာရှင်ကို တွန်းလှန်ရင်းနဲ့ စနစ်ဆိုးကို တွန်းလှန်ဖို့လည်း လိုအပ်ပါတယ်။ ကျမအနေနဲ့ ပြောချင်တာကတော့ စစ်အာဏာရှင်ကို တွန်းလှန်ရင်းနဲ့ပဲ အမျိုးသမီးအခန်းကဏ္ဍတွေကို မြှင့်တင်သွားပြီးတော့ ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေ စနစ်ဆိုးတွေကိုလည်း အမြစ်ဖြတ် တိုက်ထုတ်သွားချင်ပါတယ်။”
မြန်မာနိုင်ငံမှာ အာဏာရှင်ကို တွန်းလှန်နေရင်းနဲ့ပဲ ဖိနှိပ်အကြမ်းဖက်ခံနေဆဲ အမျိုးသမီးတွေလည်း ရှိနေပါတယ်။ ဖိနှိပ်မှုခံနေရတဲ့ အမျိုးသမီးတွေဟာ မတရားမှုတွေအတွက်လည်း သတ္တိရှိရှိနဲ့ အသံတွေထုတ်ဖို့ လိုကြောင်း ဒီမိုကရေစီနဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မငြိမ်းချမ်းမေက ပြောပါတယ်။
“ကျမတို့က ဒီမိုကရေစီအရေးအတွက်၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတာတင် မဟုတ်ဘဲနဲ့ ကျမတို့ဟာ ကျမတို့လူ့အဖွဲ့အစည်းထဲမှာ ကြီးစိုးနေတဲ့ ဖိုဝါဒကိုပါ တိုက်ထုတ်ရတာဖြစ်တယ်။ သတ္တိရှိကြဖို့ပါ။ ကျမတို့ဟာ မတရားမှုကို ကြုံလာရတယ်ဆိုရင် သတ္တိရှိရှိနဲ့ ဖွင့်ဟပြောဆိုဖို့ အရေးကြီးပါတယ်။ အဲဒီ ဖွင့်ဟပြောဆိုလာတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေကိုလည်း လုံခြုံရေးအတွက် သူတို့ရဲ့ တရားမျှတမှုအတွက် ဆောင်ရွက်မှု ယန္တရားတွေ ကျမတို့ လိုအပ်တယ်။ အဲဒီတော့ ဒီနှစ်ရဲ့ အမျိုးသမီးနေ့ကနေ စပြီးတော့ ဒါမျိုးတွေကို ဖော်ဆောင်လာဖို့ သက်ဆိုင်ရာတွေကနေ ကြိုးပမ်းလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
တော်လှန်ရေးမှာ ထောင့်ပေါင်းစုံက တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးတွေကို ဖိနှိပ်လှောင်ပြောင်တာတွေ မလုပ်ဘဲ အတူတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်ကြဖို့ကို NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပါတယ်။
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဆို နေရာဘက်ဂရောင်း နောက်ခံမတူညီတဲ့ အမျိုးသမီးတွေ ကဏ္ဍအသီးသီးမှာ သူတို့ရဲ့ စွမ်းပကားကို အသိအမှတ်ပြုဖို့ တိုက်ပွဲဝင်လာတဲ့ ရလဒ်တခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးတွင်မက သမိုင်းတလျှောက်မှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့ တိုက်ပွဲတိုင်းမှာ ရဲရဲဝင့်ဝင့်နဲ့ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးသူရဲကောင်းများ အမျိုးသမီး တက်ကြွလှုပ်ရှားသူများ စစ်အာဏာရှင်စနစ်ကို ကြံ့ကြံ့ခိုင်ရင်ဆိုင်နေကြတဲ့ အမျိုးသမီးများ အားလုံးကို လေးစားဂုဏ်ယူလျက်ရှိပါတယ်။ သူတို့အပေါ်မှာ အကြမ်းဖက်တာ လှောင်ပြောင်တာ နှိမ့်ချတာတွေ အမြန်ဆုံး ဖယ်ရှားပြီး လက်တွဲဖော် ရဲဘော်ရဲဖက်များအဖြစ် ဆက်လက် တိုက်ပွဲဝင်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။”
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နှစ်စဉ် ကမ္ဘာတဝန်းမှာ ကျင်းပကြသလို ၂၀၂၁ မတိုင်ခင် ကာလတွေက မြန်မာနိုင်ငံမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီကို တော်လှန်နေတဲ့ အရပ်ဖက်အဖွဲ့တွေရဲ့ ဦးဆောင်ကျင်းပနိုင်မှု မြန်မာနိုင်ငံပြည်တွင်းမှာ မရှိတော့ဘဲ လွတ်မြောက်ရာဒေသတွေနဲ့ ပြည်ပနိုင်ငံတွေမှာပဲ အမျိုးသမီးတွေအတွက် တန်းတူညီမျှရေးကို အမျိုးသမီးတွေက ဦးဆောင်တောင်းဆိုရင်း ကျင်းပကြပါတယ်။
ဝေဝေ