
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ မြန်မာ့အရေးအတွက် အမေရိကန်အစိုးရ၊ လွှတ်တော်တို့ကို ချဉ်းကပ်နိုင်ဖို့ ၂၀၂၄ နိုဝင်ဘာလမှာ အမေရိကန်ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ မဟာဗျူဟာရေးရာ ကျွမ်းကျင်သူ အများအပြားနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးအတွက် ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရ တက်လာပြီးနောက် ကြုံတွေ့လာရတဲ့ အကျပ်အတည်း အခက်အခဲတွေနဲ့ ပတ်သက်ပြီး DVB က ဝန်ကြီးဒေါက်တာဆာဆာကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
မေး - မြန်မာနိုင်ငံအတွက် ထရမ့်ပ်အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ချဉ်းကပ်နိုင်ဖို့ ကြိုးစားနေပါသလဲ။
ဖြေ - “ပြောမယ်ဆိုရင်တော့ ဘယ်သူက အိမ်ဖြူတော်နဲ့ အနီးဆုံးတွေဖြစ်သလဲ။ ဘယ်သူက သူတို့ကို Influence လုပ်သလဲဆိုတဲ့ ပုံစံပေါ့နော်။ ကျနော်တို့တွေအနေနဲ့ သူတို့ကို ဆွဲဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့က ပြန်ဆွဲဆောင်နိုင်ရမယ်ဆိုတဲ့ မဟာဗျူဟာကိုလည်း ကျနော်တို့ ကြည့်ဖို့လိုပါတယ်။ သမားရိုးကျဖြစ်တဲ့ ဟိုတုန်းက သွားနေခဲ့တဲ့ သံခင်းတမန်ခင်းတွေကတော့ အခုလောလောဆယ် အခြေအနေမျိုးမှာ အလုပ်ဖြစ်ချင်မှ ဖြစ်မှာပေါ့။ ဒါပေမဲ့လည်း ကျနော်တို့အနေနဲ့က တီထွင်နိုင်စွမ်းလည်း ရှိဖို့လိုတယ်။ သံခင်းတမန်ခင်းမှာ ဘယ်သူ့စကားကို သူနားထောင်သလဲ၊ ဒီမှာ သူနဲ့ အနီးကပ်ရှိတဲ့သူတွေထဲမှာ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့သူတွေ အများကြီးရှိတယ်။ သူတို့စကားကို သူနားထောင်တယ်ဆိုရင် အဲဒီမှာ ဘယ်သူတွေက သူနဲ့ အနီးကပ်နေတယ် ဆိုတာက အစပေါ့နော်၊ ကျနော်တို့တွေက စနစ်တကျ Mapping လုပ်ပြီးမှ လွှတ်တော်မှာဆိုရင်လည်း အမတ်အားလုံးရဲ့စကားကို သူတို့ အလေးပေးချင်မှပေးမယ်။ ဒါပေမဲ့လည်း တချို့အထက်လွှတ်တော်အမတ်တွေ၊ တချို့အောက်လွှတ်တော်အမတ်တွေဆိုရင် သူနဲ့ နီးနီးကပ်ကပ် စကားပြောနေတဲ့သူတွေလည်းရှိတယ်၊ တဖက်က ပြောမယ်ဆိုရင် အစိုးရမှာ မပါရင်တောင်မှ သူ့အစိုးရမှာ ပြောနိုင်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဆိုတော့ သူတို့ကိုလည်း ကျနော်တို့က Influence လုပ်နိုင်ဖို့က ကျနော် အင်မတန်မှ ကြိုးစားနေပါတယ်။ သူတို့စိတ်ဝင်စားတာက တရုတ်က အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးသွားမယ် မြန်မာနိုင်ငံကတဆင့်။ အဲဒါ အမေရိကန်က တကယ်လိုချင်သလား၊ သူတို့လည်း ဒါကို ဆုံးဖြတ်ရပါလိမ့်မယ်။ ပြီးမှ မြန်မာနိုင်ငံမှာ ဘာမှကို မဟာဗျူဟာကျကျမလုပ်ဘဲ ထားခဲ့မယ်ဆိုရင် အိန္ဒိယသမုဒ္ဒရာမကဘဲနဲ့ အင်ဒို-ပစိဖိတ် တခုလုံးရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို နိုင်ငံတနိုင်ငံက လွှမ်းမိုးသွားမယ်ဆိုရင် ဒါဟာ အမေရိကန်အကျိုးစီးပွားက ဘယ်လိုထိခိုက်မလဲ ဆိုတာဟာလည်း လက်ရှိအစိုးရက စဉ်းစားနေတာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။”
မေး - သမ္မတထရမ့်ပ်အစိုးရ တက်လာပြီးနောက်မှာ ပြုလုပ်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံတကာမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ချဉ်းကပ်ရခက်တဲ့ ထရမ့်ပ်နဲ့ အစိုးရအဖွဲ့ကို ဘယ်လို သံခင်းတမန်ခင်းနည်းလမ်းနဲ့ ဆက်ဆံမှ ထိရောက်နိုင်မယ်လို့ ယူဆပါသလဲ။ အဲဒီနည်းလမ်းတွေကိုရော ဘယ်လိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေပါသလဲ။
ဖြေ - “ဒီသံခင်းတမန်ခင်းမှာ ကျနော်တို့ဟာ အပေးအယူလုပ်ရမှာပေါ့။ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားအကြားမှာ ဘယ်နေရာမှာ ကျနော်တို့ နှီးနှောဖလှယ်နိုင်မလဲ။ ဘယ်ဥစ္စာက နှစ်ခုအတွက်ကို အကျိုးစီးပွားဖြစ်လဲ ဆိုတာကိုလည်း ကြည့်ဖို့လိုပါတယ်။ ဥပမာ မြေရှားသတ္တုက မြန်မာနိုင်ငံမှာ အမျိုးအစား ၁၇ ခုလောက် ရှိတယ်ဆိုတာ ကျနော်တို့ သိထားပြီးသားဖြစ်တယ်။ အခုက တလမ်းပဲသွားနေတယ်။ ဘယ်လမ်းလဲဆို နေ့တိုင်း တရုတ်ကိုသွားနေတယ်။ အဲဒါက ဘယ်သူမှ ပမာဏဘယ်လောက်သွားပြီးမှ ပမာဏဘယ်လောက်က မြန်မာပြည်သူလူထုကို အကျိုးစီးပွားပေးနေသလဲဆိုတာ ကျနော်တို့ တခုမှမသိရဘူး။ ကျနော်တို့ သိထားတာကတော့ မြန်မာပြည်မှာရှိတဲ့ မြေရှားသတ္တုအကုန်လုံး တရုတ်ကိုသွားပြီးမှ တရုတ်အနေနဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ပေးတယ်။ အဲဒီလက်နက်က မြန်မာပြည်သူလူထုကို သတ်ဖြတ်တယ်။ နေ့တိုင်းဗုံးကြဲတယ်။ မြန်မာပြည်မှာထွက်တဲ့ မြေရှားသတ္တုကိုသုံးပြီးမှ မြန်မာပြည်သူလူထုကို ပြန်သတ်တယ် ဆိုကတည်းက ဒါဟာ စစ်ရာဇဝတ်မှုတခု ဖြစ်သွားတာပေါ့။ မတရားခြင်း အဲဒီမှာ ၂ ထပ်ဖြစ်နေတာပေါ့။ မြေရှားသတ္တုဆိုတာ ဒီနေ့တကမ္ဘာလုံးမှာ AI ခေတ်ဖြစ်တယ်။ AI က မြေရှားသတ္တုနဲ့ထုတ်လုပ်တဲ့ ဓာတ်သတ္တုတွေလိုတယ်၊ သူတို့ Chips တွေ ထုတ်တဲ့အခါမှာ။ ဒုတိယက အခုနောက်ဆုံးပေါ် စစ်ရေးနည်းပညာ စစ်လက်နက်ပစ္စည်းတွေကို ကြည့်မယ်ဆိုရင်လည်း အကုန်လုံးမှာ မြေရှားက လိုအပ်နေတယ်။ တရုတ်အတွက်ပဲဖြစ်ဖြစ်၊ အမေရိကန်အတွက်ပဲဖြစ်ဖြစ်၊ မြန်မာပြည်အတွက်ပဲဖြစ်ဖြစ် အားလုံးအတွက် အကျိုးစီးပွားဖြစ်မယ့် မဟာဗျူဟာကို ကြည့်ပြီးမှ အဲဒီနည်းနဲ့ ချဉ်းကပ်နိုင်ဖို့ အရမ်းအရေးကြီးမယ်လို့ထင်တယ်။ တိုက်ရိုက်မဟုတ်ရင်တောင်မှ အနီးစပ်ဆုံးမှာ ကျနော်တို့ ဒါကိုပြောနေတာဖြစ်တယ်။ ဒုတိယက ဒီမိုကရေစီမဖြစ်ဘူးဆိုရင် မြန်မာနိုင်ငံ ဘာဖြစ်မလဲ။ အဲဒါလည်း စဉ်းစားဖို့လိုတယ်။ မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီ မဖြစ်ဘူးဆိုရင် သေချာတာက မြောက်ကိုရီးယားလို ဖြစ်သွားမယ်။ ဒါဆိုရင်တော့ တရုတ်အနေနဲ့သော်လည်းကောင်း၊ အမေရိကန်အနေနဲ့သော်လည်းကောင်း မြောက်ကိုရီးယားလို မြန်မာနိုင်ငံဖြစ်သွားမယ်ဆိုရင် ဒါဟာ တရုတ်အကျိုးစီးပွားအတွက် ကောင်းသလား၊ မကောင်းဘူး။ အမေရိကန်အကျိုးစီးပွားအတွက် ဒါဟာမကောင်းဘူး။ ဒါကြောင့်မို့လို့ အဲဒီလိုမဖြစ်ရလေအောင် အမေရိကန်မှာ တာဝန်ရှိသလို၊ တရုတ်မှာ တာဝန်ရှိသလို အဓိကကတော့ ကျနော်တို့ မြန်မာပြည်သူလူထုရဲ့ဆန္ဒကို သူတို့နားထောင်နိုင်ဖို့၊ ပြောချင်တာက မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေးသည် တရုတ်အတွက်လည်း မဟာဗျူဟာ ကျတယ်၊ အမေရိကန်ပြည်ထောင်စုအတွက်လည်း မဟာဗျူဟာကျတယ်။ အာရှတိုက်တခုအတွက်လည်း မဟာဗျူဟာကျတယ်ဆိုတဲ့ ရှုထောင့်နဲ့လည်း အဲဒါကို ကျနော်တို့ ပြောနေတာဖြစ်တယ်။”
“နောက်တခုကတော့ အမေရိကန်လုံခြုံရေးပေ့ါ။ အခုနယ်စပ်ဒေသမှာဖြစ်နေတဲ့ အွန်လိုင်းလိမ်လည်မှုပေါ့။ Cyber Crime ဟာဆိုရင်လည်း အမေရိကန်ပြည်သူလူထုရဲ့ ပိုက်ဆံတွေကို ဘီလီယံနဲ့ချီပြီး ခိုးယူပြီးပြီ။ တရုတ်ပြည်သူလူထုလည်း အဲဒီမှာ ဆုံးရှုံးတယ်၊ အမေရိကန် ပြည်သူလူထုလည်း ဆုံးရှုံးတယ်။ မြန်မာပြည်နယ်စပ်တွေမှာ ရာဇဝတ်မှုဖြစ်စေတဲ့ အရာတွေများတယ်။ အဲဒါက အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ကိုလည်း တိုက်ရိုက် ထိခိုက်နေတဲ့အခါ အကြမ်းဖက်စစ်အာဏာရှင်တွေက ဒါကိုက မွေးထားတာဖြစ်တယ်။ သူတို့လက်ထဲမှာ မူးယစ်ဆေးရှိတယ်၊ သူတို့လက်ထဲမှာ ရာဇဝတ်မှုဖြစ်စေတဲ့ အရာတွေရှိတယ်။ ဒီအကြမ်းဖက်စစ်အာဏာရှင်စနစ်ကို ချေမှုန်းရေးသည် မူးယစ်ဆေးကို ချေမှုန်းရေးဖြစ်တယ်။ အွန်လိုင်းရာဇဝတ်မှုအားလုံးကို ချေမှုန်းနိုင်ရေးဟာ ဒါကိုထုတ်လုပ်နေတဲ့ အကြမ်းဖက် အာဏာရှင်တွေကို ချေမှုန်းရေးဖြစ်တယ်ဆိုတဲ့ ရှုထောင့်ကနေလည်း အဲဒီချဉ်းကပ်ပုံနည်းလမ်း ၃ ခုကိုလည်း ကျနော်တို့က မဟာဗျူဟာညီအောင် သူတို့နဲ့ အတတ်နိုင်ဆုံး ပေါ်လစီ အင်စတီကျူးရှင်းပဲဖြစ်ဖြစ်၊ မဟာဗျူဟာဘက်ကို သွားနေတဲ့အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ကျနော် ဒီမှာရှိတဲ့အချိန်မှာ သူတို့နဲ့ အကုန် အစည်းအဝေးထိုင်ပြီးမှ ပြောချင်တာက ကျနော်တို့က ဒီထရမ့်ပ်အစိုးရ တက်လာတဲ့အခါမှာ Complain တွေ တက်နေမယ့်အစား ကျနော်တို့က ပြောပိုင်ခွင့် ရှိပေမဲ့လည်း တကယ်တမ်းကျတော့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဆုံးဖြတ်ရမှာ သူတို့ဆုံးဖြတ်ပြီးသားပဲနော်။ ဒါကို ကျနော်တို့က Complain တက်ပြီးမှ အချိန်ကုန်မယ့်အစား ဒါနဲ့ ဘယ်လို အလိုက်သင့်ပါဝင်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်တဲ့ ဗျူဟာကိုတော့ ကျနော်တို့မှာ အများကြီး ကြိုးစားအားထုတ်ဖို့ လိုမယ်လို့ ထင်ပါတယ်။”
မေး - နိုင်ငံတကာအရေးတွေ အများကြီးရှုပ်ထွေးနေချိန်မှာ မြန်မာ့အရေးကို မမေ့ဖို့ရော ဘယ်လို အားထုတ်ရတာမျိုး ရှိပါသလဲ။
ဖြေ - “သူတို့စားပွဲပေါ်မှာ ယူကရိန်းအရေးရှိတယ်၊ ပါလက်စတိုင်းအရေးရှိတယ်၊ အစ္စရေးအရေးရှိတယ်။ သူတို့စားပွဲပေါ်မှာ အာဖရိကတိုက်က၊ ဥရောပက အများကြီးရှိတဲ့အခါမှာ မြန်မာအရေးက သူတို့စားပွဲမှာ မရှိတော့ဘူး။ ဆိုတော့ ကျနော်တွေးမိတာကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ကို သူတို့က Update ပေးပါတဲ့။ သူတို့စားပွဲပေါ်မှာ ထင်သာမြင်သာရှိအောင် ကျနော်တို့ကို Educate လုပ်ပေးပါ၊ အဲဒီအထိကို ပြောထားတာ ကျနော်ကြားရတယ်။ အဲဒါကိုလုပ်နိုင်ဖို့က ကျနော်တို့ပြည်သူအပေါ်မှာ အများကြီးမူတည်တယ်။ ဥပမာ အင်ဒီယာနာမှာရှိတဲ့ ပြည်သူတွေက အင်ဒီယာနာ လွှတ်တော်အမတ်ကတဆင့် ဒါကိုပို့မယ်။ ထိုနည်းတူပဲ ကယ်လီဖိုးနီးယားက ပြည်သူတွေက လွှတ်တော်အမတ်ကတဆင့် ဒါကိုဖြစ်ပြီ ဆိုရင်တော့ ဒါတွေအားလုံးက စုပေါင်းလိုက်ပြီဆိုရင် တကယ့်စည်းရုံးရေးမှာ အရမ်းကို အောင်မြင်မှုရှိမယ်။ အဲလို ပြည်သူတွေက ပြောတာများလေလေ အစိုးရနားထဲမှာဝင်တာက များလေလေဖြစ်တယ်။”
မေး - Burma Act ကို ပြဋ္ဌာန်းခဲ့ပေမဲ့ မျှော်မှန်းထားသလောက် အခွင့်အရေးတွေ ခံစားခွင့်မရခဲ့ဘဲ ကြန့်ကြာမှုတွေ ရှိနေခဲ့ပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုအမြင်ရှိပါသလဲ။
ဖြေ - “လွှတ်တော်မှာတော့ ကြိုးစားတယ်၊ တဖက်ကဆိုရင် အစိုးရနဲ့ပတ်သက်ရင်တော့ Burma Act ဥပဒေရှိလျက်နဲ့ အကောင်အထည်ဖော်တဲ့အပိုင်းမှာ အရမ်းအားနည်းချက် ရှိခဲ့တယ်။ သူတို့က ဒီ Burma Act ကို အကောင်အထည်ဖော်တဲ့အခါမှာ ပျက်ကွက်မှုတွေ များနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ပါဝင်မှုက ပိုပြီးတော့ တံခါးဖွင့်ပေးသလိုဖြစ်တယ်။ ဒါကြောင့်မို့လို့ ပထဝီနိုင်ငံရေးအရ ကြည့်မယ်ဆိုရင် အမေရိကန်ရဲ့ ခေါင်းဆောင်မှုဟာ တကယ်တမ်းဆိုရင်တော့ အင်ဒို-ပစိဖိတ်မှာ ပျက်ကွက်လေလေ အဲဒီ အင်ဒို-ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာတခုလုံးရဲ့ လုံခြုံရေးကလည်း Balance က ပျက်သွားလေလေ ဖြစ်သွားတယ်။ ဒါကြောင့်မို့ အမေရိကန်အစိုးရ အနေနဲ့ ကြည့်မယ်ဆိုရင် သူတို့မှာ အခုက ပေါ်လစီ ၃ ခု ချထားတယ်။ အမေရိကန်ကို ပိုပြီးအားကောင်းစေရမယ်၊ ပိုပြီးချမ်းသာစေရမယ်၊ အမေရိကန်ကို ပိုပြီးလုံခြုံစေရမယ်။ လုံခြုံရေးရယ်၊ စီးပွားရေးရယ်၊ နိုင်ငံရေးရယ် ဆိုပြီးတော့မှ မဟာဗျူဟာနဲ့ ပေါ်လစီ ၃ ခုကို ချထားတယ်။ အဲဒီ ၃ ခုစလုံးကို ကြည့်မယ်ဆိုရင် ကျနော်တို့မြန်မာနိုင်ငံဟာ ရှေ့တန်းကိုရောက်သလို ဖြစ်နေတာ တွေ့ရတယ်။ ဒါကြောင့်မို့ အစိုးရဘက်မှာကြည်မယ်ဆိုရင် သူတို့ချထားတဲ့မူဝါဒနဲ့ ကျနော်တို့ Burma Act နဲ့ ကျနော်တို့ State Department (နိုင်ငံခြားရေးဝန်ကြီးဌာန) ပဲဖြစ်ဖြစ်၊ အမေရိကန်အစိုးရနဲ့ နီးကပ်တဲ့ အင်စတီကျူးရှင်းတွေပဲဖြစ်ဖြစ် ကျနော်က အတတ်နိုင်ဆုံး သူတို့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ ဒါလည်း အများကြီးတော့ လုပ်စရာရှိသေးပါတယ်။ ဒါပေမဲ့ လွှတ်တော်ရယ်၊ အစိုးရရယ်၊ ပြီးမှ ပြည်သူလူထုပေါ့။ မြန်မာပြည်သူလူထုရှိတဲ့ ပြည်နယ်တွေ မြို့တွေကို ကျနော်သွားပြီးမှလည်း အမေရိကန်လူထုက ပါဝင်ပေးတဲ့ မူဝါဒတွေ လူထုက ပါဝင်ပေးတဲ့ မဟာဗျူဟာတွေကို သူတို့က ပိုပြီးတော့ အားသန်တဲ့အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးမှ မူဝါဒတွေ ရှိလာမယ်ဆိုရင် အဲဒီမူဝါဒတွေကို ဒီမှာရှိတဲ့ လူထုကနေပြီးမှ လွှမ်းခြုံထားတဲ့ မူဝါဒဖြစ်ဖို့ အင်မတန်မှ အရေးကြီးတဲ့အတွက် ပြည်သူနဲ့ ကျနော်တို့ ချိတ်ဆက်မှုကလည်း အတတ်နိုင်ဆုံး ပြည်နယ်တခုနဲ့တခု သွားပြီးမှ ကျနော်တို့ လှုပ်ရှားပါတယ်။”
မေး - အမေရိကန်ပြည်ထောင်စုမှာ ယာယီနေထိုင်ခွင့် TPS နဲ့ နေထိုင်သူတွေအကြားမှာ ပြန်ပို့ခံရမယ့် အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ ပညာတော်သင်ဆု ဒေါ်လာ ၄၅ သန်းကိုလည်း ရပ်ဆိုင်းလိုက်တယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ ဒီပြဿနာတွေအတွက် မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ NUG ရဲ့ ကြိုးစားအားထုတ်မှုကို ရှင်းပြပေးစေချင်ပါတယ်။
ဖြေ - “TPS နဲ့နေတဲ့ ကျနော်တို့ မြန်မာပြည်သူတွေလည်းရှိတယ်။ စက်တင်ဘာလကျရင်တော့ အဲဒီ TPS VISA က သက်တမ်းကုန်မှာပေါ့။ အဲဒါကိုလည်း လွှတ်တော်ဘက်ကပဲဖြစ်ဖြစ်၊ အစိုးရဘက်ကပဲဖြစ်ဖြစ်၊ ကိုယ်သွားမယ့် VISA ကို ဘယ်လိုသက်တမ်းတိုးနိုင်မလဲဆိုတာ လွှတ်တော်နဲ့ ဆွေးနွေးတိုင်းမှာ ကျနော်တို့ပြောပါတယ်။ နံပါတ် ၂ က ပညာသင်ဆုပေါ့။ ၄၅ သန်းက DOED အနေနဲ့က အီလွန်မတ်စ်ခ်ရဲ့ အစီရင်ခံချက်အရတော့ ဒါက အလေအလွင့်ပိုက်ဆံလို့ သူတို့ထားတယ်။ တကယ်တမ်း ကျနော်တို့ပြောနေတာက မြန်မာနိုင်ငံမှာ လာမယ့် ၁၀ နှစ်၊ ၁၅ နှစ်မှာ၊ အနှစ် ၂၀ မှာ ဆရာဝန်မရှိရတော့ဘူးဆိုတဲ့ အနာဂတ်ကို စစ်ကောင်စီက လိုချင်တယ်။ ပညာတတ်ကို တယောက်မှ မရှိရစေဘူးဆိုတာ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့လုပ်နေတဲ့အခါမှာ ဒီပညာသင်ဆုကို ချက်ချင်းဖြတ်လိုက်တဲ့အခါမှာ ဒီဥစ္စာက ကျနော်တို့ မြန်မာလူငယ်တွေရဲ့ ပညာရေးကို ဘယ်လောက်အထိ ထိခိုက်ပြီးမှ ဒါကိုလည်း ပြန်လည်ပြီးမှ လေ့လာဆန်းစစ်ပေးဖို့ ကျနော်တို့ ပြောနေပါတယ်။ ကျနော်တို့ပြောနိုင်သမျှ သူတို့ကိုလည်း ပြန်လည်တောင်းဆိုနေပါတယ်။”
မေး - USAID ရဲ့ အကူအညီတွေ ရပ်ဆိုင်းထားတဲ့အတွက် အရေးပေါ် လူသားစာနာအကူအညီ လိုအပ်နေတဲ့ ပြည်သူတွေ အခက်အခဲကြုံနေရပါတယ်။ အကူအညီတွေ ပြန်ရနိုင်ပါသလား။ ဘယ်လိုစဉ်းစားချက်တွေ ရှိထားပါသလဲ။
ဖြေ - “ခုက USAID က နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာ ပြန်ထားရမယ့် သူတို့ မူအားဖြင့် အပြောင်းအလဲတွေ အများကြီးလုပ်နေတဲ့အခါမှာ ကျနော်တို့ပြောနေတာက ဒီနယ်စပ်၊ အထူးသဖြင့် ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ဆေးရုံဆေးခန်းတွေဟာ အပိတ်ခံရတယ်၊ အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာတွေကိုတောင်မှ အောက်စီဂျင်ဖြုတ်ပြီးတော့မှ လူနာတွေ သေဆုံးတဲ့အထိ ဖြစ်ခဲ့တယ် ဆိုတာကိုလည်း ကျနော်တို့ ပြောတဲ့အခါမှာ။ တနိုင်ငံလုံးကနေမှ တကမ္ဘာလုံးကို သွားနေတဲ့ မူဝါဒတွေကို သူတို့က ပြန်လည်ဆန်းစစ်နေတဲ့အခါမှာ။ စိတ်ရှည်နိုင်ဖို့ပေါ့ ရက်ပေါင်း ၉၀ အတွင်းမှာ အဖြေတခုတော့ ထွက်လာမယ် ဆိုတာလည်း ကျနော်တို့ကြားရတာပေါ့။ ဒါကလည်း ကျနော်တို့ ဆက်လက်ပြီးတော့ တွန်းအားပေးဖို့တော့လိုတယ်။ ထိုနည်းတူပဲ တကယ်လို့များ အမေရိကန်မှာ နောက်ဆုံးအနေနဲ့ သူတို့က ဒါကိုမပေးနိုင်တော့ဘူးဆိုရင်လည်း တခြားနိုင်ငံကို ကျနော်တို့က သွားရမှာပဲ ပြောရမှာပဲ။ သူတို့မူဝါဒကြောင့် ဒါဟာမဖြစ်နိုင်တော့ဘူးဆိုရင် ဥပမာ အီးယူ၊ ဥပမာ နော်ဝေ၊ ယူကေ၊ ဩစတြေးလျ အစရှိသဖြင့်ပေါ့နော်၊ ဂျပန်ကအစပေါ့နော်။ တချို့သောအရာရှိတွေ တချို့သော အစိုးရထဲကလူတွေကတော့ လူသားစာနာမှာတောင်မှ ပြန်ခွဲပြီးတော့မှပေါ့နော် တကယ့်အသက်ကယ်ရေး၊ အရေးပေါ်ဖြစ်နေတာကိုတော့ ပြန်ပြီးမှ Restore ပြန်လုပ်နိုင်မယ့် အနေအထားပေါ့။ ဥပမာ ရိုဟင်ဂျာတွေကို ပေးနေတဲ့အကူအညီတွေကို အကုန်လုံး ရပ်တန့်လိုက်တဲ့အခါမှာ ဒါကလည်း ရပ်တန့်တဲ့အထဲမှာ ပါသွားတယ်။ ဒါပေမဲ့ ၂ ရက် ၃ ရက်အတွင်းမှာ တချို့ဥစ္စာတွေကိုတော့ Restore ပြန်လုပ်တာကို ကျနော်တို့တွေ့ရတယ်။ ဒါဆိုရင်တော့ အဲဒါဟာလည်း ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ မျှော်လင့်ချက်တော့ရှိတယ်။ ဘာလို့လဲဆိုတော့ ရက်ပိုင်းအတွင်းမှာ တချို့ကို Restore ပြန်လုပ်တာ တွေ့ရတယ်။ ဘယ်လိုနည်းနဲ့ Restore ပြန်လုပ်သလဲ၊ ဘယ်လိုနဲ့ Public မှာ ပြန်ထားသလဲ ဆိုတာကိုတော့ ကျနော်တို့ အတတ်နိုင်ဆုံး လေ့လာပြီးမှ အဲဒီမှာပါဝင်တဲ့လူ တချို့နဲ့လည်း ကျနော်တို့ ဆွေးနွေးနေတာပေါ့။”