Home
နိုင်ငံတကာ
အမေရိကန်ဓားစာခံများ လွတ်မြောက်ရေး ဟားမတ်စ်နှင့် အမေရိကန် လျှို့ဝှက်တွေ့ဆုံဆွေးနွေး
DVB
·
March 6, 2025
Photo : SOCIAL MEDIA WEBSITE / WHITE HOUSE

ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ဟားမတ်စ်နဲ့ မကြုံစဘူး လျှို့ဝှက်တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အမေရိကန်ဟာ ကာလကြာရှည် သံတမန်ရေး တားမြစ်ချက်ကို ချိုးဖောက်ခဲ့ကြောင်း မတ် ၅ ရက်မှာ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်ကို မလိုက်နာရင် ငရဲပြည်ကို ပို့ပေးလိုက်မယ်လို့ သတိပေးထားပြီးနောက်မှာ အခုလို တွေ့ဆုံဆွေးနွေးမှု ဖြစ်ခဲ့တာပါ။

ဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာ အိမ်ဖြူတော်က အမေရိကန် ဓားစာခံရေးရာ သံတမန် အဒမ်ဘိုလာမှာ ဟားမတ်စ်နဲ့ တိုက်ရိုက်စကားပြောဖို့ အခွင့်အာဏာရှိထားကြောင်း ပြောကြားပြီး ဒါဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့တွေအဖြစ် တံဆိပ်တပ်ထားတဲ့ အဖွဲ့တွေနဲ့ စေ့စပ်ညှိနှိုင်းတာ ဆယ်စုနှစ်များစွာ သက်တမ်းရှိထားတဲ့ မူဝါဒကို ဆန့်ကျင် ချိုးဖောက်လိုက်တာပါ။

ဘိုလာနဲ့ ဟားမတ်စ် အရာရှိတွေဟာ လတ်တလော ရက်သတ္တပတ်တွေအတွင်း ဒိုဟာမှာ တွေ့ဆုံခဲ့ကြကြောင်း စေ့စပ်ညှိနှိုင်းမှုနဲ့ပတ်သက်ပြီး သတင်းရင်းမြစ် ၂ ခုက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဟားမတ်စ်ကို ဘယ်သူက ကိုယ်စားပြုခဲ့တယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အိမ်ဖြူတော်မှာတော့ ထရမ့်ပ်ဟာ မကြာသေးခင်က ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လွတ်မြောက်လာခဲ့တဲ့ ဓားစာခံအုပ်စုနဲ့ တွေ့ဆုံခဲ့ပြီးတော့ ဆိုရှယ်မီဒီယာ ပို့စ်တခုမှာ ဟားမတ်စ်ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုအသစ်တွေ ထုတ်ခဲ့တယ်၊ ဟားမတ်စ်အနေနဲ့ သေဆုံးသွားပြီးသား အလောင်းတွေ အပါအဝင် ဓားစာခံတွေအားလုံးကို အခုချက်ချင်း နောက်မကျစေဘဲ လွှတ်ပေးဖို့၊ ဒါမှမဟုတ်ရင် ပြီးသွားပြီလို့ ထရမ့်ပ်က တောင်းဆိုခဲ့ပါတယ်။

အလုပ်ပြီးမြောက်အောင်လုပ်ဖို့ လိုအပ်တာတွေအားလုံးကို အစ္စရေးကို ပို့ပေးနေပြီး ပြောသလို မလုပ်ရင် ဟားမတ်စ်အဖွဲ့ဝင် တယောက်မှ ဘေးကင်းမှာမဟုတ်ဘူးလို့ ထရမ့်ပ်က ပြောကြားထားပါတယ်။

ထရမ့်ပ်ဟာ ဟားမတ်စ်ကို လိုက်နာဖို့ ပျက်ကွက်ရင် သူ ဘယ်လိုအရေးယူမယ် ဆိုတာကို အတိအကျ မဖော်ပြထားပါဘူး။ ဟားမတ်စ်ကလည်း ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုအပေါ် မှတ်ချက်မပေးသေးပါဘူး။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013