ပဲခူးတိုင်းအရှေ့ခြမ်း ထန်းတစ်ပင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အစပ်ရှိ ကျောက်ကြီးပေါက်ခေါ် မကျည်းတောကျေးရွာအား မတ် ၆ ရက် ၂ နာရီတန်းကျင်လောက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက်သေဆုံးပြီး ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံအမျိုးသားတယောက်က DVB ကို ပြောပါတယ်။
“မနေ့က ညနေပိုင်းတင် ၃ ကြိမ်လာပစ်သွားတာ။ လေယဉ်က ဗုံးလည်းကြဲတယ်၊ လေယဉ်ပေါ်က စက်သေနတ်နဲ့လည်းပစ်တာ။ သေသွားတာက ၃ ယောက်လို့ အစ်ကိုသိထားတယ်။ ဦးလူမင်းရယ်၊ မခိုင်ခင်ဦးရယ်၊ ဒေါ်ထွေးရယ်။”
စစ်တပ်က လေယဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ညဘက်တွေမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ဗုံးက မီးလောင်ဗုံးတွေ၊ အိမ်တွေလည်း ၅ လုံးထက်မနည်း မီးလောင်သွားတယ်၊ နွားတွေလည်းသေတယ်၊ ဒဏ်ရာရတဲ့သူတွေ လေးငါးယောက်ရှိတယ်၊ ရွာသားတွေ အကုန်ထွက်ပြေးနေရတယ်၊ ခုနေ့ခင်းတော့ နည်းနည်းပြန်ငြိမ်သွားပင့်မဲ မပြန်ရဲသေးဘူ။”
ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လကလည်း စစ်တပ်က ကျောက်ကြီးပေါက်ခေါ် မကျည်းတောရွာအား လေယဉ်နဲ့ လာရောက်ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွာသူရွာသားတွေေ ထိခိုက်သေဆုံးခဲ့တာမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်းက ကရင်အမျိုးသားအစည်းအရုံး (KNU) စိုးမိုးရာ နယ်မြေတွေကို စစ်တပ်က မကြာခဏ လေယဉ်ဖြစ်ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။