Home
မြန်မာသတင်း
ဗန်းမော်မြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်
DVB
·
March 7, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို လက်မလွတ်ရရေးအတွက် စစ်ကောင်စီတပ်က  နေ့တိုင်းလေ ကြောင်းကနေ ပစ်ကူနေတာအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းအထန် လုပ်ဆောင်နေပြီး တနေ့ကို ဗုံးအလုံး ၃၀ ထက်မနည်းကြဲချနေတယ်လို့  သိရပါတယ်။

ဗန်းမော်မြို့ပေါ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က လေယာဉ်ကွင်း၊ တပ်ရင်းတချို့နဲ့ မြို့ပေါ်ရပ်ကွက်တချို့ကို သိမ်းဆည်းထားနိုင်ပြီဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၂၁ နဲ့ ကျန်နေတဲ့ တပ်ရင်းတွေကို သိမ်းပိုက်နိုင်ရေးအတွက် ကြိုးစားနေကြတာပါ။

စစ်ကောင်စီကတော့ စခန်းလက်မလွတ်ရရေးအတွက် နေ့တိုင်းလေကြောင်းကနေ ပစ်ကူနေတာ အပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နေတယ်လို့  KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ နေ့တိုင်းလိုလို စကခ ၂၁ အဲ့ဘက်မှာကတော့ ဆက်တိုက်လို တိုက်ပွဲကတော့ရှိပါတယ်။ ကျနော်တို့က လက်နက်ကြီးနဲ့ပစ်တာတွေ၊ သူတို့ဘက်က နည်းနည်းထွက်လာရင် ကျနော်တို့လက်နက်ငယ်တွေနဲ့ ပစ်တာ။ သူတို့လည်း လေကြောင်းနဲ့တိုက်တာ၊ ဒရုန်းနဲ့တိုက်တာတွေ ဗုံးကြဲတာပေါ့ကွာ။ တနေ့ကိုတော့ အနည်းဆုံး ဗုံးအလုံး ၃၀-၄၀ အနည်းဆုံးကြဲတာ။ အဲလိုအခြေအနေတော့ ဖြစ်ပါတယ်။ ခုခံတဲ့ပုံစံပဲ ဖြစ်ပါတယ်။ ထိုးစစ်ဆင်တာတော့ မဟုတ်ဘူး။ သူတို့တပ်ထဲမှာ နေပြီးမှ လေကြောင်းကနေ တိုက်တာပေါ့ အဲ့လိုမျိုး။”

ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ မတ် ၄ ရက်မှာ ၃ လ ပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲတွေ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန် ခုခံနေတဲ့အပြင် အဆင့်မြင့်ဒရုန်းတွေကိုပါ အသုံးပြုပြီး ခုခံနေတာ ဖြစ်ပါတယ်။

ဗန်းမော်မြို့မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စခက (၂၁)၊ ခလရ (၄၇)၊ ခလရ(၂၃၆)၊ ခလရ(၂၃၇)၊ အမတ (၃၆၆)၊ သံချပ်ကာတပ်ရင်း (၇၀၀၆)၊ တင့်ကားတပ်ရင်း (၅၀၀၄)၊ အမှတ်(၅) ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် (၉၄၄) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၉၁၄) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၃၃) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ခွဲ၊ စစ်လက်နက်ပစ္စည်းတပ်စု စခန (၆၄၁)၊ အလုပ်ရုံတပ်စု စတာတွေနဲ့ ကာကင်းစခန်းတွေ အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။

မိုင် ၂၀ ဝန်းကျင်လောက်ကျယ်တဲ့ နေရာကို သိမ်းဖို့ကြိုးစားနေတာကြောင့် အခက်အခဲတော့ အနည်းငယ်ရှိနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ပြောရင်တော့ ဗန်းမော်လို့တော့ ပြောရတာပေါ့။ ဒါပေမဲ့ စကစစခန်းတွေ အများကြီးရှိတယ်။ ၂၀ ကျော် ရှိတာပေါ့။ အဲ့တာကို သိမ်းရတယ်ဆိုတော့ ကျနော်တို့အတွက်လည်း အခက်အခဲတွေ အများကြီးရှိတယ်။ သူတို့က အခုဒီဘက်ပိုင်းမှာကတော့ ပြည်သူလူထုတွေရှိတဲ့ RC တိုက်ကြီးတွေမှာနေပြီးမှ ကျနော်တို့ကို ခုခံတာ။ သူတို့တပ်စခန်းအပြင်မှာပေါ့။ လူထုနေအိမ်တွေမှာ သူတို့က ကတုတ်ကျင်းပုံစံတွေလုပ်ပြီးမှ အဲ့ကနေ စနိုက်ပါနဲ့ စစ်လက်နက်နဲ့ အဲ့တာမျိုး ခုခံတာ။ ကာကင်းတွေ လုံခြုံရေးတွေ အဲလိုမျိုး တော်တော်များများနေရာမှ ချထားပြီးမှ ခုခံတာရှိတယ်။ နောက်တခုရှိတာကတော့ ပစ်ကွင်းလို့ပြောရမှာပေါ့။ ဗန်းမော် ခုနပြောတဲ့ စခန်းအများကြီးရှိတော့ ကျနော်တို့လည်း ပစ်ရတဲ့နေရာ သိရတဲ့နေရာလည်း အများကြီးရှိတယ်။ နေရာက ကျယ်ပြန့်တယ်လို့ ပြောရမှာပေါ့။ မိုင် ၂၀ ဝန်းကျင်လောက်ကျယ်တဲ့နေရာကို သိမ်းမယ်ဆိုတော့  ကျနော်တို့လည်း အခက်အခဲတွေရှိတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တခြားလမ်းကြောင်းတွေက စစ်ကူတွေကို ဖြတ်တောက်ထားနိုင်ခဲ့ ပေမယ့် လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာအပြင် အဆင့်မြင့်ဒရုန်းတွေနဲ့ပါ ခုခံနေတာ ဖြစ်တဲ့အတွက် ဗန်းမော်မြိုု့သိမ်းနိုင်ဖို့ အချိန်အနည်းငယ်ကြာနိုင်တာဖြစ်ပြီး မဆုတ်တမ်း ထိုးစစ်ဆင်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်‌က စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဗန်းမော်တိုက်ပွဲဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို လုံးဝပျက်စီးသွားအောင်လုပ်နိုင်ပြီ ဖြစ်ပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်က မြို့ကို အပြည့်အဝထိန်းချုပ်နိုင်တာမရှိသေးပါဘူး။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013