Home
မြန်မာသတင်း
တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုအတွင်း တိုက်လေယာဉ် ဗုံးကြဲမိပြီး မြန်မာ ၁ ဦးအပါအဝင် ၁၅ ဦး ဒဏ်ရာရ 
DVB
·
March 6, 2025
Photo: Reuters

တောင်ကိုရီးယားမှာ စစ်ရေးလေ့ကျင့်မှုအတွင်း ဂျက်တိုက်လေယာဉ် ၂ စီးက  အရပ်သားတွေနေတဲ့ နေရာတွေကို ဗုံးမှားချမိလို့ မြန်မာနိုင်ငံသားတယောက်နဲ့ ထိုင်းနိုင်ငံသား တယောက် အပါအဝင်  ၁၅  ယောက် ဒဏ်ရာရသွားတယ်လို့  အေဂျင်စီသတင်းတွေမှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယားနယ်စပ်အနီးမှာ ပစ်ခတ်မှုတွေ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း လူနေကျေးရွာတွေကို Air Force KF-16 တိုက်လေယာဉ်က ဗုံး ၈ လုံး မှားချမိလို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ကြဲချခဲ့တဲ့ ဗုံးတွေအနက် တလုံးသာကွဲခဲ့ပြီး ကျန် ဗုံး ၇ လုံးကို ဗုံးရှင်းအဖွဲ့က အန္တရာယ်ကင်းစွာ ရှင်းလင်းနိုင်ခဲ့ပါတယ်။

အရပ်သား ၆ ယောက်နဲ့ စစ်သား ၂ ယောက် ဒဏ်ရာရပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်၊ အရပ်သား ၄ ယောက်က ဒဏ်ရာ စိုးရိမ်ရတယ်လို့ ပိုချီအွန် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး ဌာနကို ကိုးကားပြီး အေပီသတင်းမှာ ရေးပါတယ်။

တောင်ကိုရီးယား  ယွန်ဟပ်သတင်းမှာတော့ ဒီမတော်တဆဖြစ်ရပ်မှာ စစ်သား ၂ ယောက်နဲ့ နိုင်ငံခြားသား ၂ ယောက် အပါအဝင် ၁၅ ယောက် ဒဏ်ရာရသွားသလို ခရစ်ယာန်ဘုရားကျောင်း တခုနဲ့ တခြားအဆောက်အအုံ ၇ ခု ပျက်စီးသွားတယ်လို့ စစ်တပ်နဲ့ မီးသတ်အရာရှိတွေကို ကိုးကားပြီး ရေးသားဖော်ပြပါတယ်။

အသက် ၆၀ အရွယ်ရှိ ထိခိုက်ဒဏ်ရာရသူတယောက်က “ကျနော် ကားမောင်းနေတဲ့အချိန် ဒိန်းဆိုတဲ့အသံကြီး ကြားလိုက်တယ်။ ကျနော် နိုးလာတော့ လူနာတင်ကားပေါ် ရောက်နေပြီ” လို့ ပြောပါတယ်။

တောင်ကိုရီးယားလေတပ်က MK 82 ဗုံး ၈ လုံးကို KF 16 ဂျက်ဖိုက်တာနဲ့ ကြဲချခဲ့တာဖြစ်ပြီး ဒီဗုံးတွေက သတ်မှတ်ထားတဲ့ နယ်နိမိတ် အပြင်ဘက်ကို ကျခဲ့တာလို့ ဖော်ပြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ပစ်ခတ်မှုတွေပါတဲ့ စစ်ရေးလေ့ကျင့်မှုကို လူနေဒေသတွေအနီးမှာ တခါတရံ ပြုလုပ်လေ့ရှိပြီး အရင်က ဒီလိုထိခိုက်မှုမျိုးတော့ မရှိခဲ့ပါဘူး။

ဗုံးမှားကြဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကာ ပျက်စီးခဲ့မှုအတွက်လည်း တောင်းပန်ခဲ့ပါတယ်။ ဗုံးမှားကြဲမှုကြောင့် ဘုရားကျောင်းတခုနဲ့ အိမ်တွေ ပျက်စီးခဲ့ပါတယ်။

တောင်ကိုရီးယားဟာ အမေရိကန်နဲ့အတူ မတ် ၁၀ ရက်ကနေ ၂၀ ရက်အထိ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ အစီအစဉ်လည်း ရှိပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ၂၀၂၂ ခုနှစ်ကလည်း ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ဖူးပြီး တာတိုပစ်ဒုံးကျည်ပစ်လွှတ်မှု ချွတ်ယွင်းခဲ့ကာ ဂေါက်ကွင်းတခုကို ပစ်ခတ်မိခဲ့ပါတယ်။

အဲဒီတုန်းက ပေါက်ကွဲစေတတ်တဲ့ထိပ်ဖူး မတပ်ထားတာကြောင့် ကြီးမားတဲ့ပေါက်ကွဲမှု မဖြစ်ခဲ့ဘူးပေမဲ့ ပြင်းထန်တဲ့ ‌တိုက်မိသံ‌ကြောင့် အနီးအနားက ဒေသခံတွေကို ထိတ်လန့်စေခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားကို ရည်ရွယ်တဲ့ သူတို့ရဲ့ နှစ်စဉ် “Freedom Shield” စစ်ရေးလေ့ကျင့်မှုကို မတ် ၁၀ ရက် စတင်မှာဖြစ်ကြောင်း ဆိုးလ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်များရုံး (JCS) က မတ် ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

မတ် ၂၀ ရက်အထိ ကြာမြင့်မယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ စစ်ရေးဗျူဟာနဲ့ နည်းဗျူဟာလို လက်တွေ့ကျတဲ့ ခြိမ်းခြောက်မှုတွေအတွက် မဟာမိတ်အဖွဲ့ရဲ့ အဆင်သင့်ဖြစ်နေမှုကို အားကောင်းစေမှာဖြစ်ကြောင်း JCS က ပြောကြားခဲ့ပါတယ်။

“တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ Freedom Shield လေ့ကျင့်ခန်းကို ကျနော်တို့ရဲ့ ပေါင်းစပ် ကာကွယ်ရေး အနေအထားကို အားကောင်းစေဖို့အတွက် မတ်လ ၁၀ ရက်ကနေ ၂၀ ရက်အထိ ပြုလုပ်မှာ ဖြစ်ပါတယ်” လို့ တောင်ကိုရီးယား ပြည်သူ့ရေးရာ အရာရှိများ ပူးတွဲညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အီဆွန်းဂျွန်းက ပြောပါတယ်‌။

ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရိုင်ယန် ဒေါ်နယ်လ် ကလည်း “လက်တွေ့ကျတဲ့ ခြိမ်းခြောက်မှုတွေကို ရောင်ပြန်ဟပ်ခြင်းအားဖြင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) ရဲ့ စစ်ရေးဗျူဟာ၊ နည်းပရိယာယ်တွေ၊ စွမ်းဆောင်ရည်တွေအပြင် ရုရှားနိုင်ငံနဲ့ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ပြောင်းလဲလာတဲ့ စိန်ခေါ်မှုတွေမှာ မကြာသေးမီက တိုက်ပွဲတွေကနေ သင်ခန်းစာယူနေပါတယ်” လို့ ပြောပါတယ်။

လာမယ့်သီတင်းပတ်မှာ စတင်မယ့် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုနဲ့ ဆက်စပ်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန် တပ်ဖွဲ့တွေဟာ သူတို့ရဲ့ ပထမဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖိုချွန်းမှာ ပြုလုပ်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013