Home
ရုပ်သံ
မြန်မာနိုင်ငံမှာ နျူးကလီးယားကို ဘေးအန္တရာယ်ကင်းစွာသုံးနိုင်တဲ့ ကျွမ်းကျင်မှု ရှိနေပြီလား  
DVB
·
March 6, 2025

မြန်မာနိုင်ငံအတွင်း အသေးစား နျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ စစ်ခေါင်းဆောင်ရဲ့ မော်စကိုခရီးစဉ်မှာ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုလိုက်ပေမဲ့ မြန်မာပြည်မှာ  နျူးကလီးယားကို ဘေးအန္တရာယ်ကင်းကင်းနဲ့ အသုံးပြုနိုင်တဲ့ ကျွမ်းကျင်မှု ရှိ၊ မရှိ နိုင်ငံရေးလေ့လာသူတွေက သံသယရှိနေကြပါတယ်။

မတ် ၄ ရက်က မော်စကိုမြို့ ကရင်မလင် နန်းတော်မှာ ရုရှားသမ္မတ ပူတင်နဲ့ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပြီးနောက်  မြန်မာနိုင်ငံမှာ အသေးစား နျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေး ဆိုင်ရာ အပါအဝင် အချက် ၁၀ ချက်ကို သဘောတူခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ဒါနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလေ့လာသူတယောက်က  “ရုရှားနိုင်ငံက ချက်ချင်း ပစ္စည်းရော၊ နည်းပညာရောကို လွှဲပြောင်းပေးနိုင်မလားဆိုတာ မေးစရာရှိတယ်ပေါ့လေ။ နောက်တပိုင်း ကျတော့ ဒီစက်ရုံတွေကို စစ်ကောင်စီအနေနဲ့ လုံလုံခြုံခြုံနဲ့ အသုံးပြုနိုင်တဲ့ အနေအထားမျိုးမှာ သူတို့ ကျွမ်းကျင်မှုရနေပြီလား ဆိုတာလည်း မေးစရာတခုရှိတယ်။ ဒါကတော့ အဏုမြူဓာတ် အားပေးစက်ရုံနဲ့ ပတ်သက်တဲ့ကိစ္စပေါ့လေ” လို့ ပြောပါတယ်။

အခုလို သဘောတူညီချက်တွေ ထွက်လာပေမဲ့ အဏုမြူဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်ကိစ္စ ဘယ်နေရာမှာ ဘယ်လို ဆောက်မယ်၊ ဘယ်လို အကျိုးအပြစ်တွေရှိမယ် ဆိုတာတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက  လူထုကို တိတိကျကျ အသိပေးထားတာ မရှိသေးပါဘူး။

အသေးစား အဏုမြူဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်ကိစ္စဟာ တိုင်းပြည်ရဲ့ စွမ်းအင်လိုအပ်ချက်နဲ့ ကျပ်တည်းနေတဲ့ စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာမှာဖြစ်တယ်လို့  နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ထောက်ပြပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံကနေ မြန်မာစစ်တပ်ဆီ နည်းပညာနဲ့ လက်နက်ရောင်းပေးတာနဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကတော့ ယူကရိန်းတိုက်ပွဲ ရပ်၊ မရပ် ဆိုတဲ့ပေါ် မူတည်နိုင်ကြောင်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (မူကြမ်း) ကို ဆွေးနွေးအောင်မြင်ခဲ့ပြီလို့ ရေးထားတာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ထားဝယ်ရေနက်ဆိပ်ကမ်းလိုမျိုး စီမံကိန်းကြီးတွေ လာလုပ်မယ်ဆိုရင် မဖြစ်မနေလုပ်ရမယ့်ကိစ္စလို့ ပြောပါတယ်။

“ဒီအပေါ်ကနေပြီး ကုန်သွယ်မှုမြှင့်တင်ရေးတွေ လုပ်မယ်ဆိုရင်တော့ အကာအကွယ်ပေးရေး ကိစ္စရပ်တွေက ကျနော်တို့က လုပ်ရမှာပေါ့။ လုံခြုံရေးနဲ့ပတ်သက်လို့ ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်မလဲ ဒါကတော့ အခုနကပြောသလိုပေါ့။ တရုတ်နဲ့တောင် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေ ဥပဒေတွေလည်း ထုတ်ပြီးတဲ့အခါကျတော့ ဒါမျိုး ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာမလားပေါ့။ ဒါမျိုးတော့ ကျနော်တို့ ဖြစ်လာနိုင်တဲ့ အနေအထားပေါ့နော်။ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိပါလိမ့်မယ်။”

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို DVB က မေးမြန်းရာမှာတော့ သဘောတူညီချက် ၁၀ ချက်ကို အသေးစိတ်သိရဖို့လိုကြောင်း ပြောပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ စစ်ရေးအရ အကူအညီပေးမှုတွေ လိုအပ်နေတာကြောင့် ဒီ ၂ ခုကို ရဖို့အတွက် ဘာမဆိုပေးဖို့ ဝန်လေးနေမှာမဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။

“အဲတော့ အဲဒီအပေးအယူတွေ အများကြီး ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို‌တော့ လိုက်ပြီးတော့ ကြည့်ဖို့ ကျနော်တို့ လိုတယ်။ အဲတော့ ဒါက မြန်မာနိုင်ငံရဲ့ အရေးကိစ္စတင် မဟုတ်ဘူးပေါ့နော်။ ရုရှားနိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံကို လုပ်ပိုင်ခွင့်တွေရပြီးတော့ ဒီအခြေချမယ်ဆိုတဲ့ကိစ္စတွေက ကမ္ဘာကြီးကပါ စိတ်ဝင်စား သေချာစောင့်ကြည့်ဖို့လိုတဲ့ အချင်းအရာတွေလို့ ကျနော်တော့ မြင်ပါတယ်။ မင်းအောင်လှိုင်ရဲ့ အနေအထားကတော့ သူ့အာဏာတည်မြဲရေးအတွက် ဘာမဆို သူ့ကို ထောက်ခံတဲ့သူ သူ့ကိုအားပေးမယ့်သူကို ဘာမဆို ပြန်ပေးဖို့ ဝန်လေးမယ့်သူ မဟုတ်ဘူးလေ နော်။”

စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ တပတ်ကြာ မော်စကိုခရီးစဉ်အတွင်း ရုရှားသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့ပြီး သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံချိန်မှာ ဘုရင်ကြီးတပါးသဖွယ် အလေးပြုခဲ့သလို ယူကရိန်းစစ်ပွဲအပေါ် ထောက်ခံကြောင်း ထပ်ပြောခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်း ထုတ်ခံရအပြီး သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ရုရှားနိုင်ငံကို  ၁ ပတ်ကြာ ချစ်ကြည်ရေးခရီး သွားရောက်နေတာ ဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံကို ခရီးဆက်ဦးမှာ ဖြစ်ပါတယ်။

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024