Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က သမ္မတ ပူတင်ကို ဘုရင်ကြီးသဖွယ် အလေးပြု၊ ယူကရိန်းစစ်ပွဲကို ထောက်ခံ
DVB
·
March 5, 2025
Photo: Pavel Bednyakov/Pool via REUTERS

ရုရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်မလင်နန်းတော်မှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံချိန်မှာ ဘုရင်ကြီးတပါးသဖွယ် အလေးပြုခဲ့သလို ယူကရိန်းအပေါ် ရုရှားရဲ့ လုံးလုံးလျားလျား ထိုးစစ်ဆင်မှုကို ထောက်ခံတယ်လို့ ပြောခဲ့တဲ့အကြောင်း ABC News သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

မြန်မာစစ်ခေါင်းဆောင်က  ဒါကို တရားသောစစ်ပွဲအဖြစ် ရည်ညွှန်းခဲ့သလို သမ္မတ ပူတင်ရဲ့ ခိုင်မာပြီး ပြတ်သားတဲ့ ဦးဆောင်မှုအောက်မှာ မုချအောင်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောလိုက်ပါတယ်။

ဒါ့အပြင် ရုရှားဘုရင်နဲ့ မြန်မာဘုရင်တို့အကြား ချစ်ကြည်ရေးအကြောင်း ဗုဒ္ဓ ဗျာဒိတ်စကား မြွက်ကြားခဲ့တယ်လို့ ရေးထားတဲ့ စာအုပ်ကြီး တအုပ်ကိုလည်း  စစ်ခေါင်းဆောင်က  သမ္မတ ပူတင်ထံ လက်ဆောင်ပေးခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ တုံ့ပြန်တိုက်ခိုက်နိုင်ဖို့အတွက် ရုန်းကန်နေရတဲ့ မြန်မာစစ်တပ်အတွက် ရုရှားနိုင်ငံက အရေးပါတဲ့ လက်နက်ထောက်ပံ့သူ ဖြစ်လာနေ တာပါ။ 

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ မာစီ ခရစ္စတီ ဘဲရန့်ဒ်စ်ကတော့ မြန်မာစစ်အုပ်စုကို ရုရှားက ဆက်ပြီးထောက်ခံတာဟာ ဒီမိုကရေစီ အခြေခံမူတွေကို ဆန့်ကျင်ရုံသာမက စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား ထောက်ခံအားပေးမှုလည်း ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် ခုလိုတိုးချဲ့စစ်ရေးဆက်ဆံမှုဟာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက အရပ်သားတွေကို ဖိနှိပ် ဖမ်းဆီးသတ်ဖြတ်ဖို့ စစ်ဆင်ရေးတွေမှာ အသုံးပြုတဲ့ စစ်ရေးနည်းပညာနဲ့ မြန်မာကို ရုရှားလက်နက်တွေ ဆက်လက် ပေးပို့မှုတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဆို ပါတယ်။

သမ္မတ ပူတင်ကတော့ မြန်မာနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးက တဖြည်းဖြည်း တိုးတက်လာနေတဲ့ အကြောင်း၊ တိုးလာနေတဲ့ ကုန်သွယ်မှု ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီးတော့လည်း အလားအလာကောင်းတွေ ရှိတဲ့အကြောင်း ပြောလိုက်ပါတယ်။

စစ်ကောင်စီ အာဘော်သတင်းစာတွေမှာတော့ ရုရှားက မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း နိုင်ငံတနိုင်ငံဖြစ်ပြီး ခရီးဝေးကွာ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေ ဖြစ်သလို ခုလို တွေ့ဆုံဆွေးနွေးမှုက နှစ်နိုင်ငံအတွက် များစွာအကျိုးရှိတဲ့အကြောင်း စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024