Home
ရုပ်သံ
စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ် ဘာထူးခြားမလဲ
DVB
·
March 4, 2025
Photo: CINCDS

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်း ထုတ်ခံရအပြီးမှာ ရုရှားနိုင်ငံကို တပတ်ကြာခရီးစဉ်အဖြစ် မတ် ၃ ရက်ကစပြီး သွားရောက်နေ ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို ရုရှားသမ္မတပူတင်က မတ် ၄ ရက်မှာ လက်ခံတွေ့ဆုံမှာဖြစ်ပြီး စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတွေ ပိုခိုင်မာအောင်ဆွေးနွေး သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

စစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး လက်မှတ်ထိုးထားတဲ့အတွက် စီးပွားရေးကဏ္ဍကို ဦးစားပေးဆွေးနွေးလိမ့်မယ်လို့ ပြောပါတယ်။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ ဦးသိန်းထွန်းဦးက “သေချာတာကတော့ ဒီတခေါက် ခရီးစဉ်ကတော့ စီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးအထူးပြုဆွေးနွေးမယ်လို့ပဲ ကျနော်တို့သုံး သပ်ထားပါတယ်။ နဂိုတည်းကတော့ မြန်မာနဲ့ရုရှားကလည်း စစ်ရေးဆိုင်ရာ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ စာချွန်လွှာလက်မှတ်ထိုးပြီးသားဆိုတော့ စစ်ရေးနဲ့ ပတ်သက်လို့တော့ တခြားဘာတွေ ထူးထူးခြားခြားထပ်ပြီး တွေ့ရဦးမလဲပေါ့။ အဲဒါကတော့ ခရီးစဉ်ပြီးတဲ့အချိန်မှပဲ ကျနော်တို့ သိနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ ရေနံချက်စက်ရုံနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ပါဝင်မယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပေဲ့ စစ်တပ်ဘက်က စာချုပ်စာတမ်း ၉ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့သာ သတင်းထုတ် ထားပါတယ်။

လေ့လာသူတယောက်ကတော့  ရုရှားဟာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် စီးပွားရေး ထိခိုက်နေပြီး ပြည်ပမှာ ဒီလိုစီမံကိန်းကြီးတခုကို ထပ်ပြီးအကောင်အထည်ဖော်နိုင် မလားဆိုတာက စောင့်ကြည့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသူတယောက်က  “စီးပွားရေးအရအပြင် စစ်ရေးနဲ့ပတ်သက်ပြီး အသုံးဝင်နိုင်မလားပေါ့။ ဒါရုရှားစစ်သင်္ဘောတွေ တခါတရံမှာ ကျောက်ချရပ်နားတာ ဆီဖြည့်တာ အဲဒါမျိုးတွေလုပ်ဖို့ အသုံးဝင်မယ်ဆိုရင်တော့ ဒီစစ်ရေးနဲ့ မဟာဗျူဟာမြောက် ရှု့ထောင့်ပါလာရင်တော့ ရုရှားနိုင်ငံအနေနဲ့ ပိုပြီးတော့ စိတ်ဝင်စားကောင်း၊ စိတ်ဝင်စားမယ်ပေါ့။ ဒါပေမဲ့ စီးပွားရေးအရနိုင်ငံခြားမှာထွက်ပြီး ရင်းနှီးမြှုပ်နှံဖို့အတွက်ကတော့ ရုရှားနိုင်ငံအနေနဲ့ ငွေရေးကြေးရေးအရပြည့်စုံနေတယ်လို့ ကျနော် မမြင်မိဘူးပေါ့နော်”လို့ ပြောပါတယ်။

တဖက်မှာလည်း စစ်ခေါင်းဆောင်အနေနဲ့ မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကြောင့် ၂၀၂၂ ခုနှစ်က သဘောတူထားတဲ့ နျူကလီးယားစွမ်းအင်ကိစ္စ၊ စစ်လက်နက်ပစ္စည်းဝယ်ယူရေးနဲ့ ဒရုန်းနည်းပညာတွေမျှဝေဖို့ ကိစ္စရပ်တွေကိုဦးစားပေးဆွေးနွေးနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုခရီးစဉ်မှာဆွေးနွေးနိုင်စရာ ခေါင်းစဉ်အမျိုးမျိုးရှိပေမဲ့ စစ်ခေါင်းဆောင်က သူ့ရဲ့ခေါင်းဆောင်မှုကိုဘယ်လောက် အသိအမှတ်ပြုလဲဆိုတာနဲ့ လုံခြုံရေးအာမခံချက်အတွက် သွားရောက်တာလို့ ပြောပါတယ်။

“စီးပွားရေးပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးအကူအညီဆိုတာက ဒုတိယနေရာဖြစ်ပါလိမ့်မယ်။ ပထမနေရာကတော့ သူတို့လုံခြုံရေးဖြစ်ပါတယ်။ လုံခြုံရေးထဲမှာ အနုမြူလက်နက် တည်ဆောက်ရေး ဘာညာဆိုတာက နှစ်ရှည်လများလုပ်ရမယ့်ကိစ္စပါ။ အရေးအကြီးဆုံးက သူတို့လာရောက် ခိုလှုံမယ်ဆိုလို့ရှိရင် သူတို့အတွက် လုံခြုံရေးအာမခံချက် ဘယ်လောက်ရှိလဲဆိုတာက အရေးကြီးဆုံးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။”

အခုခရီးစဉ်မှာ စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးညိုစော၊ ဗိုလ်ချုပ်ကြီးမိုး အောင်အပါအဝင် နိုင်ငံခြားရေး၊ စီးပွားရေး၊ စွမ်းအင်နဲ့ နည်းပညာပိုင်းက အရာရှိတွေ လိုက်ပါသွားပါတယ်။

စစ်ခေါင်း‌ဆောင်ရဲ့ခရီးစဉ်ဟာ မတ် ၃ ရက် ကနေ ၁၀ ရက် တပတ်ကြာမှာဖြစ်ပြီး ရုရှားသမ္မတအပြင် ရုရှားဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နဲ့လည်းတွေ့ဆုံဖို့ရှိတယ်လို့ ရုရှားသမ္မတရုံးကထုတ်ပြန်ထားပါတယ်။  

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013