
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိ တလတာအတွင်းမှာ မြေမြှုပ်မိုင်းနဲ့ စစ်ပွဲလက်ကျန် ဗုံးသီးတွေကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ဒေသခံပြည်သူ အယောက် ၃၀ ရှိလာတယ်လို့ DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် သေဆုံးမှုတွေဟာ ပေါက်တောမြို့နယ်မှာ ၃ ယောက်၊ ဂွမြို့နယ်မှာ ၃ ယောက်၊ မောင်တောမြို့နယ်မှာ တယောက်နဲ့ အမ်းမြို့နယ်မှာ တယောက်ဖြစ်ပြီး သေဆုံးသူတွေဟာ မြို့နယ်အတွင်း ကျေးရွာတွေကဖြစ်ပြီး ကလေးငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရှိသူတွေကတော့ မောင်တောမြို့နယ်မှာ ၁၀ ယောက်၊ ပေါက်တောမြို့နယ်မှာ ၃ ယောက်၊ တောင်ကုတ်မြို့နယ်မှာ ၃ ယောက်၊ ဂွမြို့နယ်မှာ ၂ ယောက်နဲ့ အမ်းမြို့နယ်မှာ တယောက် ဖြစ်ပါတယ်။
စစ်ရှောင်ကူညီပေးနေတဲ့ ဆရာဝေဟင်အောင်က “ရခိုင်ရဲ့ လက်ရှိအခင်းအကျင်းအရ ဆိုရင် စစ်ဘောင်က တော်တော်ကျယ်ခဲ့တယ်။ ရခိုင်ပြည်အနှံ့ နေရာစုံ ဒေသစုံမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် စစ်ကျန်လက်နက်ပစ္စည်းတွေက အများကြီးကျန်ခဲ့တယ်။ မြေမြှုပ်မိုင်းတို့ မပေါက်ကွဲသေးတဲ့ ဗုံးလက်နက်တို့ဆိုတာ အများကြီးကျန်ခဲ့တယ်။ ဒီအပေါ်မှာ တချို့သူတွေက ဗဟုသုတ အားနည်းပြီးတော့ စူးစမ်းချင်စိတ်ရယ်၊ လေ့လာချင်စိတ်ရယ်၊ ပြီးတော့ ဆော့ကစားတာကြောင့် အသေအပျောက်တွေက ဒီရက်ပိုင်း သိသိသာသာ ပိုတိုးလာခဲ့တယ်။ အဓိကက ဗဟုသုတ အားနည်းတာရယ် ပြီးတော့ ဒီဟာက အန္တရာယ်ရှိတယ်ဆိုတဲ့ဟာကို မသိကြဘူး။ သူတို့ရဲ့ စိတ်ထဲမှာ အသိပညာရပ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိ ဂွမြို့နယ်မှာ ဂွမြို့နယ် ပူးပေါင်းစစ်ရှောင်ကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ၊ အလွယ်တကူမြင်နိုင်တဲ့ နေရာဖြစ်တဲ့ သစ်ပင်တွေ၊ ဓာတ်တိုင်တွေမှာ အသိပညာပေးစာတွေ ကပ်တာတွေ ပြုလုပ်နေတယ်လို့ ဂွမြို့နယ် စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) ကလည်း မြေမြှုပ်မိုင်း ရှင်းလင်းတာတွေ၊ နေရာအနှံ့ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူတာတွေ လုပ်ဆောင်နေပေမဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေနဲ့ ပတ်သက်ပြီး အသိပညာပေး လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ထောက်ပြ ပြောဆိုတာတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည် နေရာအနှံ့မှာ စစ်ပွဲဧရိယာ ကျယ်ပြန့်ခဲ့တာကြောင့် တိုက်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် နေရာအနှံ့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ အများကြီး ကျန်ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကောက်ယူထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ဒဏ်ရာရရှိသူ ၇၅၉ ယောက်နဲ့ သေဆုံးသူ အယောက် ၁၃၀ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ခဲ့ပါတယ်။
ကေခိုင်