Home
နိုင်ငံတကာ
ဘတ်သန်း ၅၀ ငွေစာရင်းရှိသူ နည်းပါးသဖြင့် ထိုင်းကာစီနိုဝင်ခွင့် ကန့်သတ်ချက် ပြန်ဖျက်
DVB
·
March 4, 2025
Photo: Reuters

ထိုင်းနိုင်ငံသားတွေထဲမှာ ဘတ်သန်း ၅၀ ငွေစာရင်းရှိတဲ့သူတွေပဲ အသစ်ဖွင့်လှစ်မယ့် ကာစီနိုရုံတွေမှာ ကစားခွင့်ပေးမယ့် အစီအစဉ်ကို ပြန်ပယ်ဖျက်လိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

အနည်းဆုံး ဘတ်သန်း ၅၀ စာရင်းသေအပ်ငွေ အပ်နှံထားနိုင်တဲ့ ထိုင်းနိုင်ငံသားအရေအတွက်ဟာ   ၁၀,၀၀၀ လောက်ပဲရှိတာကြောင့် အဲဒီကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ နိုင်ငံတော်ကောင်စီက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ ဥပဒေရေးရာအကြံပေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတော်ကောင်စီက ကာစီနိုရုံတွေ ဖွင့်ခွင့်ပေးမယ့် ဖျော်ဖြေရေးအဆောက်အအုံ ဥပဒေကြမ်း ပုဒ်မ ၆၅ ကို စိစစ်ပြီးတဲ့နောက် ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကန့်သတ်ချက်အစား ဝင်ရောက်ကစားလိုသူတွေဟာ အခွန်ဆောင်ထားကြောင်း အထောက်အထားဖြစ်တဲ့ ၃ နှစ်စာ အခွန်ကြေညာလွှာ တင်ပြရမယ်လို့ ပြင်ဆင်လိုက်ပါတယ်။

ပြင်ဆင်ထားတဲ့ မူကြမ်းကို ဒုဝန်ကြီးချုပ်တယောက်လည်းဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးက လက်မှတ်ထိုးပြီးတော့ အစိုးရအတွင်းဝန်ရုံးကို ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီတပတ်ဆွေးနွေးမယ့်အထဲမှာတော့ မပါဝင်သေးပါဘူး။ ကာစီနိုဝင်ကြေးကိုတော့ ဘတ် ၅,၀၀၀ သတ်မှတ်ထားတာကို ပြင်ဆင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဝန်ကြီးဌာနက အချက်အလက်တွေကို စိစစ်ကြည့်တဲ့အခါ အနည်းဆုံး ဘတ် သန်း ၅၀ ရှိတဲ့ ထိုင်းအကောင့်က ၁၀,၀၀၀ လောက်ပဲ ရှိပါတယ်။ ဒါကြောင့် အရင်ပြဋ္ဌာန်းချက်အတိုင်းဆိုရင် လူတွေက တခြားနေရာတွေမှာပဲ လောင်းကစား သွားလုပ်ကြဖို့များတော့ တရားမဝင် ဖြစ်လာနိုင်ပါတယ်။

အခုပြင်ဆင်ချက်ကို ဝန်ကြီးဌာနဘက်ကရော နိုင်ငံတော်ကောင်စီကပါ သဘောတူထားပါတယ်လို့ ဘဏ္ဍာရေးဒုဝန်ကြီးက ပြောပါတယ်။

အခုဥပဒေကြမ်းကို ကက်ဘိနက် အတည်ပြုချက်ရဖို့ ဖြစ်နိုင်သမျှ မြန်မြန်တင်သွင်းသွားမှာဖြစ်ပြီး ဒီတခေါက် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013