
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အခြေစိုက်တဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်က ဒုတပ်ကြပ်တယောက်ဟာ မတ် ၂ ရက်က လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
မင်းဘူးခရိုင် တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဆိပ်ဖြူမြို့နယ်ထဲက ကန်ဇွန်းမရွာမှာ အခြေစိုက်ထားတဲ့ အမှတ် ၂၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ်ထဲက ဒုတပ်ကြပ်တယောက် ကျနော်တို့တပ်ရင်းဆီကို ပူးပေါင်း အလင်းဝင်လာခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ ဒုတပ်ကြပ်ဟာ MA1 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၂၇၅ တောင့်၊ ၉ မမ ကျည် ၁၄၄ တောင့်၊ ကျည်ဘောက် ၂ ခုနဲ့ ဆိုင်ကယ် ၁ စီးတို့ ယူဆောင်ပြီး အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းဘူးခရိုင် တပ်ရင်း ၁ တပ်ရင်းမှူးက “သူနဲ့အတူပါလာတဲ့ ပစ္စည်းတွေအပေါ်မှာ ထိုက်ထိုက်တန်တန် ဆုကြေးငွေ ပေးအပ်ထားပါတယ်။ သူက အခု ကျနော်တို့တပ်ရင်းထဲမှာပဲ ရှိနေသေးတယ်။ ကျနော်တို့ဘက်ကလည်း အလင်းဝင်သူတိုင်းကို အကောင်းဆုံးဖြစ်အောင် ထားပေးထားပါတယ်။ သူ့ဘဝရှေ့ရေးအတွက် ဘာလုပ်ချင်တယ်၊ ဘယ်သွားချင်တယ် ဆိုတာကိုတော့ သူနဲ့ အေးအေးဆေးဆေး တိုင်ပင်ရဦးမှာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်အလိုကျ ပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြတဲ့ စစ်သား၊ ရဲ၊ ပျူစောထီးတွေနဲ့ အတင်းအဓမ္မ စုဆောင်းခံရသူတွေအနေနဲ့ ပြည်သူ့မျက်နှာ၊ ပြည်သူ့နှလုံးသားကို ရှေ့ရှုပြီး ပြည်သူ့အလိုကျ ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဆိပ်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဘက်ကလည်း စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့လည်း ဆိပ်ဖြူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။