Home
ဆောင်းပါး
တရုတ်အလိုတော်ရိ စစ်ဓားပြပုဆိန်ရိုး သာဝ
DVB
·
March 4, 2025
Design-DVB

မြန်မာစကားမှာ အလိုတော်ရိ ဆိုတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ သူနဲ့ သူ့အသိုက်အဝန်း အကျိုးစီးပွားအတွက် အများသူငါ ဒုက္ခရောက်အောင် လက်နက်အင်အားကြီးသူ၊ ဩဇာအာဏာရှိသူရဲ့ အကြိုက် အလိုကို လိုက်ပါဆောင်ရွက်သူတွေ၊ ယုတ်မာဆိုးဝါးစွာ ကိုယ့်အမျိုးအပေါ် သစ္စာဖောက်ဖျက်သူတွေကို အလိုတော်ရိလို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။

အင်္ဂလိပ်လို Sycophant လို့ခေါ်ပြီး မြန်မာလို အလိုတော်ရိ၊ ပုဆိန်ရိုး၊ သတင်းပေး၊ ဒလန်၊ ဖော်လံဖား၊ ကပ်ပါး ဆိုတာ သူသာ ကောင်စားဖို့ဆိုရင် ကျန်တဲ့သူ သေသေကျေကျေ ဘာဖြစ်ဖြစ် လက်နက် အာဏာ အင်အားကြီးသူရဲ့ ခြေဖဝါးကို နဖူးနဲ့တိုက် လျှာနဲ့လျက်ပြီး ကျွန်ခံ သစ္စာခံ အလုပ်ကျွေးပြုကြပါတယ်။ အလိုတော်ရိတွေမှာ ဘာဂုဏ်သိက္ခာမှမရှိသလို ဘာကိုယ်ကျင့်တရားကိုမှ မစောင့်ထိန်းတတ်ကြပါဘူး။

မြန်မာ့သမိုင်းကို ပြန်လည်စောင်းငဲ့ကြည့်လိုက်မယ်ဆိုရင် ခေတ်အဆက်ဆက်မှာ ဗိုလ်ကျဖိနှိပ် အုပ်ချုပ်သူတွေဘက်မှာ ရပ်တည်ပြီး အများပြည်သူကို ဒုက္ခရောက်စေတဲ့ လူပုဂ္ဂိုလ် အလိုတော်ရိတွေ၊ အလိုတော်ရိ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အလိုတော်ရိ ပါတီများစွာ ပေါ်ထွန်းခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၆၀ ကျွန်ပြုအုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှကိုလိုနီနယ်ချဲ့ခေတ်မှာ သူတို့ အာဏာရာထူးရရှိဖို့၊ သူတို့အကျိုးစီးပွားအတွက် မြန်မာပြည်သူအများစုဆန္ဒ ဆန့်ကျင်ကြတဲ့ ပညာတတ် လူချမ်းသာ လူရည်လည် နိုင်ငံရေးပါးဝကြတဲ့ ဗြိတိသျှ အလိုတော်ရိလူပုဂ္ဂိုလ်တွေ၊ ဗြိတိသျှ အလိုတော်ရိပါတီတွေ ပေါ်ထွက်ခဲ့ကြပါတယ်။

ဗြိတိသျှ ကိုလိုနီအစိုးရဟာ ၁၉၂ဝ ကျော်မှာ မြန်မာပြည်ကို ဒိုင်အာခီအုပ်ချုပ်ရေး ပေးပြီးတဲ့နောက် မြန်မာနိုင်ငံသားတွေထဲက ဝန်ကြီးချုပ် ခေါ် ဘုရင်ခံရဲ့ အမှုဆောင်ကောင်စီဝင်လူကြီးတွေကို ဗြိတိသျှဘုရင်က ဆာဘွဲ့နဲ့ သူကောင်းပြုခံခဲ့ရတဲ့အထဲမှာ ဒေါက်တာဘရင်၊ ငါးထောင်စားအမတ်ချုပ် ဆာဂျေအေမောင်ကြီး၊ နန်းရင်းဝန် ဒေါက်တာဘမော်၊ ဘိလပ်ပြန်ဝတ်လုံ နန်းရင်းဝန်ဦးပု၊ နန်းရင်းဝန် ဂဠုန်ဦးစောတို့ဟာ ဖိနှိပ်အုပ်ချုပ်သူတွေရဲ့ သူကောင်းပြုခံယူရာမှာ ထင်ရှားပါတယ်။

ဆာဂျေအေမောင်ကြီး ဦးဆောင် ဖွဲ့စည်းခဲ့တဲ့ ရွှေတောင်ကြားပါတီ (Golden Valley Party၊ Independent Party (အင်ဒီပင်းဒင့်ပါတီ)၊ Progressive Party (တိုးတက်ရေးပါတီ) ဟာ နယ်ချဲ့အင်္ဂလိပ် ကိုလိုနီဆန့်ကျင်ရေး ဝံသာနုလှုပ်ရှားမှုခေတ်အတွင်းက ပေါ်ပေါက်လာခဲ့တဲ့ ပါတီဖြစ်‌ပေမဲ့လည်း အင်္ဂလိပ် အစိုးရအလိုကျ အလိုတော်ရိပါတီအဖြစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။

ပါတီရဲ့ နာမည်ကို မြန်မာပြည်လွတ်လပ်ရေးအဖွဲ့၊ အင်ဒီပင်းဒင့်ပါတီလို့ အမည်မှည့်ခေါ်ခဲ့‌ပေမဲ့ လက်တွေ့မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဟုမ္မရူးအဆင့်ကိုတောင် ပီပီသသ တောင်းဆိုခဲ့ခြင်း မရှိခဲ့တာမို့ ပြည်သူလူထုကြားမှာ နာမည်ကောင်းမရခဲ့ကြပါဘူး။

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ဖက်ဆစ်ဂျပန်တွေဟာ ရန်ကုန်မြို့ပေါ်ကို ပထမဆုံးအကြိမ် ဗုံးကြဲလာခဲ့ပြီးတဲ့နောက် နေမဝင် ဗြိတိသျှနယ်ချဲ့အင်ပါယာကြီးက ဆုတ်ခွာသွားတဲ့အခါ နေမျိုးနွယ် ဖက်ဆစ်ဂျပန်အင်ပါယာကြီးက မြန်မာပြည်ကို သိမ်းပိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့ကြပြန်ပါတယ်။

ဖက်ဆစ်ဂျပန်ခေတ်မှာလည်း ဂျပန်ကင်ပေတိုင်တွေ၊ အာဏာပိုင်တွေထံ သစ္စာခံပြီး မြန်မာပြည်သူလူထုကို ဖိနှိပ်ညှဉ်းပန်းခဲ့ကြတဲ့ ဂျပန်အလိုတော်ရိတွေ အမြောက်အမြား ပေါ်ထွန်းခဲ့တာပါပဲ။ အင်္ဂလိပ်အလိုတော်ရိတချို့ဟာလည်း ဘက်ပြောင်းပြီး ဂျပန်အလိုတော်ရိ လုပ်ခဲ့ကြပြန်ပါတယ်။ စစ်ကိုင်းတောင်မှာရှိတဲ့ အင်္ဂလိပ်အလိုတော်ရိဟောင်း‌တွေ သတင်းပေးမှုကြောင့် စစ်ကိုင်းသား သခင်သိန်းတန် အပါအဝင် မန္တလေးက တော်လှန်ရေးသမား သခင်တွေ ဂျပန်လက်ချက်နဲ့ အင်းဝတံတားပေါ်မှာ အသတ်ခံခဲ့ကြတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ပါလီမန် ဒီမိုကရေစီစနစ်ဟာ ဆယ်စုနှစ်တခုသာ ရှင်သန်နိုင်ခဲ့ပြီး စစ်အာဏာရှင်စနစ် ပေါ်ထွန်းလို့ တိုင်းပြည်ဟာ စစ်ဖိနပ်အောက် ရောက်ခဲ့ရပါတယ်။ စစ်အာဏာရှင်မျိုးဆက် ‌‌‌‌၃ ဆက်စလုံးမှာ စစ်အခွင့်ထူးခံစနစ်ကို လိုလားကြတဲ့ စစ်ဓားပြအလိုတော်ရိတွေ စစ်ဓားပြအလိုတော်ရိ ပါတီတွေ ပေါ်ထွန်းခဲ့ပါတယ်။

စစ်အာဏာရှင် ပထမမျိုးဆက်‌ခေတ်မှာ လက်နက်၊ ငွေကြေး၊ သြဇာအာဏာရှိသူတွေနဲ့ ပေါင်းပြီး ရပ်ရွာလူထုအပေါ် ကောင်းကျိုးမပေး ဒုက္ခပေးခဲ့ကြတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်(မဆလ) ပါတီကေဒါတွေ၊ ရလက နလက ရပ်ကွက်ကောင်စီ တင်းပြည့်ပါတီဝင်၊ အရန်ပါတီဝင်တွေထဲမှာ စစ်အာဏာရှင်အလိုတော်ရိတွေ၊ မဆလအလိုတော်ရိ‌တွေ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီခေတ်က အကျင့်ပျက် ခြစားတာရှိပေမဲ့ အခုလောက် မဆိုးသေးပါဘူး။ တာဝန်ကျေစပါး မသွင်းနိုင်တဲ့ တောင်သူဦးကြီးတွေကို နေလှန်းနှိပ်စက်ကြပါတယ်။

၁၉၈၈ အာဏာသိမ်း စစ်အစိုးရ နဝတ နအဖ လက်ထက်မှာ အလိုတော်ရိသတင်းပေး လူမိုက်တွေကို စွမ်းအားရှင်၊ လက်ပတ်နီအဖြစ် အမည်တပ်ပြီး အသုံးချခဲ့ရာမှာ သတင်းပေးအဖြစ်သာမက ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ၊ ကိုယ်ထိလက်ရောက် ဝင်ရောက် ထိုးကြိတ်၊ ရိုက်နှက် ဖမ်းဆီးခဲ့ကြပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ နအဖ စစ်အစိုးရနောက်ခံပြု အလိုတော်ရိ လူမိုက်အုပ်စုရဲ့ လက်ချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ အပါအဝင် အနည်းဆုံး လူအယောက်ပေါင်း ၇၀ ခန့် ရိုက်နှက်သတ်ဖြတ်ခြင်းခံရလို့ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။

အဲဒီနောက်တော့ စစ်အစိုးရဟာ စွမ်းအားရှင် အမည်ခံ လူမိုက်အလိုတော်ရိတွေ၊ စည်းကမ်းထိန်းသိမ်းရေးအမည်ခံ လက်ပတ်နီ လူမိုက်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ လို့ အမည်ပေးထားတဲ့ စစ်အာဏာရှင် အလိုတော်ရိ နိုင်ငံ‌ရေးပါတီကို တည်ထောင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ပေါ်ထွန်းခဲ့ဖူးသမျှ အလိုတော်ရိတွေထဲမှာ အဆိုးဝါးဆုံး၊ အရက်စက်ဆုံး၊ အယုတ်မာဆုံးကတော့ ၂၀၂၁ ခုနှစ်မှာ ပြည်သူ့အာဏာကို လုယူခဲ့တဲ့ စစ်ဓားပြမင်းအောင်လှိုင်ရဲ့ လက်ထက်မှာ ထွက်ပေါ်သောင်းကျန်းခဲ့တဲ့ ပျူစောထီးတွေနဲ့ ပြည်သူကို ထမင်းဝဝ စားထားလို့ ကြိုတင်ခြိမ်းခြောက်ခဲ့ကြတဲ့ စစ်အခွင့်ထူးခံအသိုက်အဝန်းတွေ၊ မျိုးချစ် အမည်ခံ သွေးသောက် လက်မရွံ့ လူမိုက်အဖွဲ့တွေပါတဲ့ စစ်အာဏာရှင်အလိုတော်ရိ မကောင်းဆိုးဝါးကောင်တွေပါပဲ။

စစ်ဓားပြမင်းအောင်လှိုင် လက်ထက်တွင် မွေးမြူထားတဲ့ ရပ်ကွက်ဒလန်နဲ့ အုပ်ကြီးလို့ နာမည်ပြောင် ခေါ်ကြတဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေဟာ အာဏာရှင် အလိုတော်ရိတွေပါပဲ။ အဲဒီ ဒလန်အလိုတော်ရိအုပ်ကြီးတို့ လိုက်လံပြသလို့ ဆန္ဒပြလူငယ်များ အမြောက်အမြား အဖမ်းခံခဲ့ကြရပြီး  ထောင်သွင်း အကျဉ်းချခံရုံသာမက သေသည်အထိ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခံခဲ့ကြရသူတွေ ရှိခဲ့ပါတယ်။

NLD ပါတီထောက်ခံသူတွေ၊ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေ၊ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေကို ဘဝပျက်အောင်၊ အသက်ဆုံးရှုံးအောင်၊ အိမ်တွေ ချိပ်ပိတ်တာ၊ ဥပဒေမဲ့ သိမ်းယူတာ စတဲ့ ကြောက်မက်ဖွယ် ဒုစရိုက်အမှုတွေကို စစ်ဓားပြအလိုတော်ရိတွေဟာ စစ်မိစ္ဆာတွေနဲ့ အတူတကွ မြိန်ရေရှက်ရေ ကျူးလွန်ခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ စစ်ဓားပြလက်ပါးစေ အလိုတော်ရိတွေရဲ့ လက်ထောက်ချ သတင်းပေးမှုတွေ အပါအဝင် အကြမ်းဖက်စစ်အုပ်စုကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ ၆၃၂၂ ဦးနဲ့ မတရားအာဏာလုမှု ဖြစ်စဉ်နဲ့ ဆက်စပ်လို့ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈၆၃၇ ဦးရှိလာပြီ ဖြစ်ပါတယ်။

ပြည်သူ့အာဏာလုစစ်တပ်နဲ့ အပစ်ရပ် ငြိမ်းချမ်းရေးထိုးထားတဲ့ စီးပွားရေးသမား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စစ်ဓားပြအလိုတော်ရိ လက်နက်ကိုင်အဖွဲ့တွေလို့ သတ်မှတ်ရမှာ ဖြစ်သလို၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်တရားဝင်အောင် စစ်ကျွန်ရွေးကောက်ပွဲကို လက်ခံတဲ့ ပါဝင်ယှဉ်ပြိုင်ကြမဲ့ နိုင်ငံရေးလုပ်စားပါတီတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း စစ်ဓားပြအလိုတော်ရိပါတီတွေ စစ်ကျွန်အလိုတော်ရိတွေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အပေါ်မှာ ရေးပြခဲ့တဲ့ ဗြိတိသျှအလိုတော်ရိ၊ မဆလ အလိုတော်ရိ၊ နဝတ နအဖ အလိုတော်ရိ၊ စစ်ဓါးပြအလိုတော်ရိ၊ စွမ်းအားရှင်၊ လက်ပတ်နီ၊ ပျူစောထီး၊ သွေးသောက်၊ သတင်းပေး၊ ဒလန်၊ သူလျှို၊ ဖော်လံဖား၊ ကပ်ပါး ဘောမ အုပ်ကြီး စတဲ့ လူဆိုး လူမိုက် လူ့ဗာလ လူ့အန္ဓတွေ၊ လူယုတ်မာတွေ၊ စစ်ကျွန်အလိုတော်ရိတွေထက် အဆများစွာ မိုက်ရိုင်းရမ်းကားပြီး ပိုမိုကြီးမားတဲ့ အပြစ်ကြီးတွေကို ကျူးလွန်နေသူကတော့ တရုတ်အလိုတော်ရိပြည်ပအားကိုး ပုဆိန်ရိုး နိုင်ငံဖျက် စစ်ဓားပြဂိုဏ်း‌ခေါင်းဆောင် မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။  

သူ့အာဏာ လက်မလွှတ်ရရေးနဲ့ မသန့်ရှင်းစွာရယူထားတဲ့ သွေးစွန်းတဲ့ ဥစ္စာဓန အပူစာတွေကို ကာကွယ်ဖို့အတွက် တနိုင်ငံလုံး အနှံ့အပြား၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ ပြည်သူလူထု အိုးအိမ် တသိန်းကျော်ကို မီးရှို့ဖျက်ဆီး၊ လူငယ်လူရွယ်တွေရဲ့ အသက်ကို ချနင်း စတေးနေတာတောင် စစ်မျက်နှာအသီးသီးမှာ စစ်ရှုံးနေရတာမို့ အရည်အချင်းမဲ့၊ သိက္ခာမဲ့တဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံကို တရုတ်လက်ထဲ ထိုးအပ်လာတာကို အသိဉာဏ်ရှိတဲ့ မြန်မာပြည်သူတိုင်းက သိကြပါတယ်။

တရုတ်ကွန်မြူနစ်အာဏာရှင်ဆီက အကူအညီရဖို့ ခြေသလုံးပြေးဖက် အားကိုးရှာသလိုမျိုး တရုတ်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးတာမျိုးကစလို့ တရုတ်အစိုးရအလိုအရ အခု နောက်ဆုံးပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ တရုတ်အလိုတော်ရိ စစ်ဓားပြဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လုပ်ငန်းအာမခံကျပ် သိန်း ၁၀၀၀ အပါအဝင် အဲဒီတန်ဖိုးနဲ့ညီမျှတဲ့ နိုင်ငံခြားငွေရှိရုံနဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ တည်ထောင်နိုင်တယ် ဆိုတဲ့ “ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဆိုင်ရာဥပဒေ” ကို လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပါတယ်။

ပုဂ္ဂလိက လုံခြုံရေးလိုင်စင်ရထားသူတွေဟာ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ရှိမှာဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုပေးသူတွေကို ခုခံကာကွယ်ခွင့်၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခွင့်များ ပေးထားပါသတဲ့။ ဒါဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို ပေါချောင်ကောင်း လာယူနေကြတဲ့ တရုတ်အစိုးရပိုင်လုပ်ငန်းတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အကြောင်းပြပြီး တရုတ်လက်နက်ကိုင်လုံခြုံ‌ရေးတွေ မြန်မာပြည်တွင်း ဝင်ရောက်လာတော့မှာမို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေနဲ့ ထိပ်တိုက်တိုးမိပြီး ပြဿနာတွေ ဖြစ်ပွားစေမှာဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာ့သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက်မှာ ဖိနှိပ်အုပ်ချုပ်သူ နယ်ချဲ့ကိုလိုနီ၊ ဖက်ဆစ်ဂျပန်၊ စစ်အာဏာရှင်မျိုးဆက် ၃ ဆက်ထံမှာ သူတို့ဘဝကောင်းစားဖို့ အာဏာရှိသူ၊ လက်နက်အင်အားကြီးသူတွေထံ ဂုဏ်သိက္ခာမဲ့စွာ ဒူးထောက်ကျွန်ခံကြပြီး အများပြည်သူကို ဒုက္ခကြီးစွာပေးလေ့ရှိကြတဲ့ သတင်းပေး၊ ဒလန်၊ သူလျှို၊ ဖော်လံဖား၊ ကပ်ပါး အလိုတော်ရိအမျိုးမျိုး ပေါ်ထွန်းခဲ့ဖူးပါတယ်။

အဲဒီအလိုတော်ရိအမျိုးမျိုးထက် ပိုမိုယုတ်မာအကြံပက်စက်တဲ့ အပြစ်အကြီးဆုံး အလိုတော်ရိကတော့ တရုတ်အလိုတော်ရိ စစ်ဓားပြဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။ အလိုတော်ရိတိုင်းဟာ သူတို့ ကျူးလွန်တဲ့ မကောင်းမှုအကုသိုလ်ကံတွေရဲ့ အကျိုးပေးမှုခံရပြီး ဆိုးဝါးတဲ့နိဂုံးနဲ့ဘဝ အဆုံးသတ်ကြရတာမို့ အလိုတော်ရိထိပ်ခေါင် စစ်ဓားပြ ပုဆိန်ရိုး မင်းအောင်လှိုင်ရဲ့ ဘဝနိဂုံးဟာ ပြည်သူ့အမုန်းတွေနဲ့ ခြယ်မှုန်းထားတဲ့ အကျည်းတန် အရုပ်ဆိုးဆုံး ဘဝ နိဂုံးမှတပါး အခြားမရှိနိုင်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024