
ရန်ကုန်မြို့က ပြည်သူ့ဆေးရုံကြီးတွေမှာ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ အခမဲ့ ထောက်ပံ့ပေးတာ မရှိသလောက် ဖြစ်နေတဲ့အတွက် ခရီးဝေးက လာရောက်ကုသရတဲ့ လူနာတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
ဒါ့အပြင် အဝေးကနေ ရန်ကုန်ကို ဆေးရုံတက်ဖို့ လာရောက်ကုသနေရတဲ့ လူနာတွေအနေနဲ့ ကုန်ကျစရိတ်တွေ များပြားနေသလို အခက်အခဲတွေလည်း ကြုံနေရတယ်လို့ လူနာရှင်တွေက ပြောပါတယ်။
အမျိုးသမီးရောဂါနဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးကို တက်ရောက်ကုသခဲ့တဲ့ လူနာရဲ့ လူနာရှင်တယောက်က “ပြောရမယ်ဆို အပြင်ဆေးခန်းတွေက တအားဈေးကြီးလို့ မတတ်နိုင်လို့ အစိုးရဆေးရုံ တက်တာပေါ့။ အစိုးရဆေးရုံဆိုတာကလည်း ဘာမှမရှိဘူး။ ဆီးချိုတိုင်းဖို့ အပ်တောင်မရှိဘူး၊ လူနာတွေက ကိုယ့်ဆီးချိုတိုင်းတဲ့အပ် ကိုယ့်ဘာသာကိုယ် ဝယ်ရတယ်။ မတတ်နိုင်လို့ တချို့ဆို လူနာက ခွဲခန်းဝင်နေပြီ၊ အပြင်မှာ ပစ္စည်းဝယ်ဖို့ မတတ်နိုင်လို့ ငုတ်တုတ်ထိုင်နေတဲ့သူနဲ့ ငိုနေတဲ့သူမျိုးတွေနဲ့ မျိုးစုံပဲ အများကြီးတွေ့ရတယ်။ ဆေးရုံနဲ့ ဆရာဝန်ပဲ ဆေးဝါးမရှိ၊ အစစအရာရာ အကုန်လုံး အပြင်မှာပဲ စစ်ရ ဆေးရတာ၊ သွေးစစ်ဆိုလည်း အပြင်ဓာတ်ခွဲခန်း အဖြေပို့ဆိုလည်း အပြင်၊ အပြင် အပြင်နဲ့ အစစအရာရာကို အပြင်ပဲ၊ ခွဲတောင်မခွဲရဘူး၊ စစ်တာဆေးတာနဲ့တင်ကို ကုန်ကျစရိတ်က သိန်း ၃၀ ကျော် အဲ့လောက်နီးနီးကို ကုန်ကျခဲ့တယ်” လို့ ပြောပါတယ်။
နယ်ဝေးကနေ ဆေးရုံလာပြရတာဖြစ်ပြီး ကုသမှုအတွက် ကုန်ကျစရိတ် များပြားတဲ့အပြင် လူနာအတွက် Wheelchair ကူတွန်းပေးတဲ့ ဆေးရုံဝန်ထမ်းတွေအတွက်ပါ ငွေပေးခဲ့ရကြောင်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ထဲ ဝမ်းဖောဝမ်းရောင်ဖြစ်လို့ အရေးပေါ် စံပြဆေးရုံကို တက်ရောက်ကုသခဲ့တဲ့ ကလေးငယ်တယောက် မိခင်ကလည်း ဆေးကုသစရိတ် များတဲ့အကြောင်း ပြောပြပါတယ်။
ကလေးမိခင်တယောက်က “ညီမဆေးဖိုးချည်း ငါးသိန်းနီးနီး ကုန်ခဲ့တယ်။ ဆေးရုံမှာ အပ်ကလေးကအစ ဆေးရုံမှာ အကုန်ဝယ်ပေးရတယ်။ ဘာတခုမှ သူတို့ဆီက အလကားမရဘူး။ အလကားရခဲ့တယ်ဆိုတာ ဂလူးဂိုစ့်ချိတ်တဲ့ ဟာလေးတွေလား အဲဒါလေးပဲ အလကားရတယ်။ ကလေးသေးသေးလေးနဲ့ သူ့ကို ဆေးရုံစောင့်ရတာနဲ့ ပြီးရင် ဆေးရုံရောက်တော့ ဆေးစစ် ဘာစစ် လုပ်ရတာနဲ့ ဘာတခုမှကို အလကားမရတာ ဆေးရုံမှာလည်း၊ အကုန်လုံးကို ကုန်တာ၊ ကိုယ့်လက်ထဲမှာလည်း မရှိတော့ အကြွေးတင်တာပေါ့” လို့ ပြောပါတယ်။
အရင် အရပ်သားအစိုးရ လက်ထက်တုန်းကတော့ ကြီးမားတဲ့ ခွဲစိတ်ကုသမှုတွေအတွက် လိုအပ်တဲ့ ဆေးဝါးတချို့ကိုသာ လူနာရှင်က ကျခံပေးရတာဖြစ်ပြီး သာမန် ပိုးသတ်ဆေး၊ ဆေးထိုးအပ်၊ ထိုးဆေးနဲ့ သောက်ဆေးတွေကို ဆေးရုံက အခမဲ့ထောက်ပံ့ပေးတာဖြစ်လို့ ကုန်ကျစရိတ် နည်းပါးတယ်လို့ အရိုးခွဲစိတ်မှု ပြုလုပ်ခဲ့သူတယောက်က ပြန်ပြောပြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ကုန်ကျစရိတ် အနည်းဆုံးနဲ့ အသက်သာဆုံး ဆေးကုသမှုစနစ်မှာ နိုင်ငံတော်ရဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှု ကဏ္ဍဖြစ်ပြီး အဲဒီကဏ္ဍအတွက် နိုင်ငံတော်က နှစ်စဉ်မြှင့်တင် ဖြည့်ဆည်း ဆောင်ရွက်ပေးနေတယ်လို့ စစ်ကောင်စီက ဝါဒဖြန့်သတင်းစာတွေမှာ ပုံမှန်ထည့်သွင်း ရေးသားနေတာပါ။
ဝေဝေ