
မန္တလေးတိုင်း၊ အိုးဘိုအကျဥ်းထောင်မှာ ဖေဖော်ဝါရီလအတွင်း ထောင်တွင်းဆေးဝါး မလုံလောက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား တယောက်နဲ့ အကျဥ်းသူတယောက်တို့ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ဖေဖော်ဝါရီလ ၂၅ ရက်မှာ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်မှာ ပုဒ်မ ၅၂(က)/၅၀(ည)တို့နဲ့ ထောင် ၂၂ နှစ် ချမှတ်ခံထားရတဲ့ အသက် ၆၅ နှစ်အရွယ် နိုင်ငံရေးအကျဥ်းသူ ဒေါ်စန်းရီ သေဆုံးခဲ့ရပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၃ နှစ်ကျခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်ထွန်းဟာ လုံလောက်တဲ့ ဆေးဝါးကုသမှု မရတာကြောင့် သေဆုံးခဲ့ရပါတယ်။
PPNM က ကိုသိုက်ထွန်းဦးက "အိုးဘိုထောင်အပါအဝင် တနိုင်ငံလုံးက ထောင်တွေမှာ ဆေးဝါးလုံလောက်မှုမရှိတော့ဘူး။ ဆေးဝါးပြတ်လပ်မှုတွေ အများကြီး ဖြစ်နေတာပေါ့။ ဒါကို အမြန်ဆုံးပြင်ဆင်မှသာလျှင် ထောင်တွင်းသေဆုံးမှုတွေ လျော့ကျသွားမယ့်အခြေအနေလို့ ပြောချင်ပါတယ်။"
နိုင်ငံရေးအကျဉ်းသူ အမျိုးသမီး ဒေါ်စန်းရီက သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါတို့နဲ့ သေဆုံးခဲ့ရတယ်လို့ သိရပြီး ကိုအောင်ထွန်းက ဖေဖော်ဝါရီလ ပထမအပတ်က ခန္ဓာကိုယ်မှာ အနာတွေပေါက်လာပြီး ပိုးဝင်မှုကြောင့် တပတ်အကြာမှာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် နှစ်အစကနေ ခုလက်ရှိအချိန်အထိ အကျဥ်းထောင်တွေထဲမှာ ဆေးဝါးမလုံလောက်မှုကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဥ်းသား ၅ ယောက်ရှိနေပြီး PPNM က စာရင်း စတင်ကောက်ယူခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဝက်ကနေ ဒီနေ့အထိဆိုရင် အယောက် ၅၀ ကျော်အထိရှိနေတယ်လို့ သိရပါတယ်။