
မြန်မာနိုင်ငံတဝန်း ပြည်တွင်းစစ်ဖြစ်ပြီး မငြိမ်မသက်ဖြစ်နေပေမဲ့လည်း စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ပါဝင်ခဲ့ဖူတဲ့ စစ်တပ်အရာရှိဟောင်းတွေ အပါအဝင် ၉ ယောက်ကို မတ် ၃ ရက်က ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
အဆိုပါ ၉ ယောက်ထဲမှာ စစ်ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့လည်း ပါဝင်နေပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင်ဟောင်း ဦးအောင်သောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အငြိမ်းစား ဒုဥက္ကဋ္ဌ ၂ ယောက်ဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က အငြိမ်းစားအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးခင်မောင်စိုး၊ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင်က အတွင်းရေးမှူးငြိမ်း ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီက ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့ ပါဝင်နေတာ ဖြစ်ပါတယ်။
အဆိုပါပုဂ္ဂိုလ်တွေကို နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် နယ်ပယ်အလိုက် ထူးချွန်စွာ ကြိုးပမ်းခဲ့ကြတာကြောင့် ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ရတာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
စစ်ကောင်စီအနေနဲ့ နေပြည်တော်အတွင်း နေထိုင်တဲ့ အမျိုးသမီး ၄ ယောက်ကိုလည်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဖြစ်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။