
အရင်လတွေတုန်းက မီဒီယာတွေပေါ်မှာ ငွေဆောင်ဆွေးနွေးမှု သဘောတူညီချက်ဆိုတဲ့ ပြောသံ၊ဆိုသံ၊ ရေးသားသံတွနဲ့ စည်ကားခဲ့ပါတယ်။ တကယ့်ထွက်ပေါ်လာတဲ့စာထဲမှာတော့ "သဘောတူညီချက်" လို့ သုံးထားတာမဟုတ်ဘဲ သုံးသပ်ဆွေးနွေးတယ်လို့ သုံးထားပါတယ်။ ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက စာထဲမှာ အများဆုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာပဲဖြစ်ပါတယ်။
"ဘယ်သူတွေဆွေးနွေးမှာလဲ"
နိုင်ငံရေးစကားဝိုင်း၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ဆိုတာတွေက ငွေဆောင်ကိစ္စမဖြစ်ခင်ကတည်းက သိုးသိုးသဲ့သဲ ပြောဆိုနေကြတာဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးအုပ်စုတွေကလည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့၊ နိုင်ငံတကာကလည်း သူတို့ထုတ်ပြန်တဲ့ ကြေညာချက်တွေထဲမှာ တွေ့ဆုံဆွေးနွေးဖို့။ လက်ရှိမြန်မာ့ပြည်တွင်းပဋိပက္ခတွေ အဆုံးသတ်စေဖို့ တွေ့ဆုံဆွေးနွေးခိုင်းနေကြတာဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ စကားကို ပြောကြမယ်ဆိုရင် အရင်ဦးဆုံးအနေနဲ့ လက်ရှိပဋိပက္ခတွေရဲ့ စတင်ပေါ်ပေါက်မှုဟာ ဘယ်အုပ်စု၊ ဘယ်အဖွဲ့အစည်းကြောင့်လဲဆိုတာ အရင်ဆုံးသိထားရမှာပါ။ လက်ရှိ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ထောင်နဲ့ချီတဲ့လူတွေ သေဆုံးရတာတွေ၊ သန်းနဲ့ချီတဲ့သူတွေ စစ်ဘေးရှောင်ရ၊ အငတ်ဘေးကြုံရ၊ စီးပွားကပ်ကြုံရ စတဲ့ ဘေးဒုက္ခငရဲတွေ ဖြစ်ပေါ်စေခဲ့တာက ဘယ်သူ့ကြောင့် ဘယ်အဖွဲ့အစည်းကြောင့်ပါလဲ။ အဖြေကတော့ လယ်ပြင်မှာဆင်သွားသလို ရှင်းပါတယ်။ စစ်အာဏာရှင်တွေအမှူးပြုတဲ့ စစ်အုပ်စုပဲ ဖြစ်ပါတယ်။
ဒီအကြောင်းရင်းခံကို လက်ခံသဘောတူထားမှ တွေ့ဆုံဆွေးနွေးရေးစကားကို စ ပြောသင့်တာပါ။
နောက်တချက်က ဆရာကြီးတို့ ပြောနေသလို စစ်အုပ်စုဟာ တကယ်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာကို လက်ခံမှာရဲ့လား။ စစ်အုပ်စုသာ တွေ့ဆုံဆွေးနွေးရေးဆိုတာကို လက်ခံခဲ့ရင်၊ စစ်အုပ်စုကသာ တကယ်ယုံကြည်ခဲ့ရင် အခုလိုစစ်ပွဲတွေလည်း ဖြစ်လာပြီး အခုလိုငရဲခန်းလည်း ပြည်သူတွေကြုံရမှာမဟုတ်ပါဘူး။ သူတို့လိုချင်တဲ့ ရွေးကောက်ပွဲရလဒ် မထွက်ခဲ့တဲ့နောက် ဆင်ခြေအမျိုးမျိုးပြပြီး လက်နက်အားကိုးပြီး အာဏာသိမ်းခဲ့တာပဲ။ သူတို့ရဲ့ ဒိုင်းကာသဖွယ်ဖြစ်တဲ့ ၂၀၀၈ ခြေဥမှာကို ရွေးကောက်ပွဲကိစ္စရပ်တွေမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ အတည်ဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားတာပဲ။ ဒါကို ရှက်ကိုးရှက်ကန်းနဲ့ လက်မခံဘဲ နိုင်ထက်စီးနင်းလုပ်ပြီး လက်နက်မဲ့တဲ့ အရပ်သားအစိုးရကို မတရားသဖြင့် ဖမ်းဆီးပြီးအာဏာသိမ်းခဲ့တာပဲလေ။
ဒီတော့ အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်ဟာ တွေ့ဆုံဆွေးနွေးရေးကို မလိုဘူးဆိုတာ လက်တွေ့ဖြစ်ရပ်တွေအရ သိနေပြီမဟုတ်လား။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့နဲ့ ဘာနေ့ညာနေ့တွေမှာ တွေ့ဆုံဆွေးနွေးရေးဆိုတာတွေ တတွင်တွင်ပြောနေတယ်ဆိုတာ အပြောသက်သက်ကလွဲလို့ ဘာမှလည်းဖြစ်မလာတဲ့ အလေနတော ဇာတ်လမ်းတွေ ဖြစ်ပါတယ်။
"ဘယ်လိုဆွေးနွေးမှာလဲ"
စစ်ပွဲတွေရဲ့ အဆုံးသတ်ဟာ စားပွဲဝိုင်းလို့ ပြောကြပါတယ်။ ဘယ်လောက်ပဲအရိုးကြေကြေ၊ အရေခမ်းခမ်းတိုက်ခဲ့တိုက်ခဲ့ အဆုံးသတ်မှာတော့ နှစ်ဖက်လုံးကစားပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးရတယ်ဆိုတဲ့ သဘောပါ။ ကဲ...ဟုတ်ပြီ။
စစ်တပ်က စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးမယ်ဆိုပါတော့။ ဘာတွေ ဆွေးနွေးမှာလဲ။ သူ့ဘက်ကရော ဘာတွေလိုက်လျောမှာလဲ။ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို လိုချင်ကြတဲ့အတွက် အသက်တွေ၊ အိုးအိမ်စည်းစိမ်တွေ၊ ဘာတွေနဲ့ စတေးခဲ့၊ ရင်းနှီးထားခဲ့တဲ့ မြန်မာပြည်သူတွေအဖို့ ၂၀၀၈ ခြေဥကို ဖျက်သိမ်းပေးမှာလား။ ၂၀၀၈ ခြေဥက အဲ့ဒီလောကပါလတရားတွေကို မပေးနိုင်ဘူးဆိုတာ သဘောတရားအရ မဟုတ်ဘဲ လက်တွေ့ ၁၀ နှစ်တာ ဖြတ်သန်းမှုအရ သက်သေပြခဲ့ပြီးပြီ။ ၁၀၀ ရာခိုင်နှုန်းဖြစ်လို့ရရဲ့သားနဲ့ ၇၅ ရာခိုင်နှုန်းပဲ ပေးခဲ့တာဟာ မဖြစ်သင့်၊ မဖြစ်ရတော့မယ့် ဇာတ်လမ်းတွေပဲ။
စစ်အုပ်စုဟာ ပြည်သူတရပ်လုံးက ရွေးကောက်ထားတဲ့အစိုးရကိုရော အာဏာပြန်လွှဲပေးဖို့ လိုက်လျောမှာလား။ စစ်တပ်ဟာ စစ်တပ်အလုပ်လုပ်၊ တိုင်းပြည်ကာကွယ်တဲ့အလုပ်လုပ်ဖို့ စစ်တန်းလျားကိုပြန်မှာလား။
တိုင်းပြည်က သယံဇာတတွေ၊ ဘဏ္ဌာငွေတွေကို မောင်ပိုင်စီးထားပြီး တရားဝင်၊ တရားမဝင်လုပ်ငန်းတွေ လုပ်နေတာတွေ စွန့်လွှတ်မှာလား။
လက်ရှိကာလမှာ သူ့ကျူးလွန်ခဲ့တာတွေအတွက် တာဝန်ယူ၊ တာဝန်ခံမှာလား။
ပြည်သူတရပ်လုံးရဲ့ ဘဝတွေ ကောင်းမွန်လာဖို့၊ အခုလိုစုတ်ပြတ်သတ်နေတဲ့ ငရဲခန်းအခြေနေကနေ လွန်မြောက်ဖို့ဆိုရင် အပေါ်ကလိုလားချက်တွေကို စစ်အုပ်စုက လက်ခံမှရမှာပေါ့။ မဖြစ်မနေကို လက်ခံကြမှာ ဖြစ်မှာပေါ့။ ဒါတွေကို ဆရာကြီးတို့ ဖြေကြည့်ကြပါ။
"စစ်အုပ်စုဟာ ဆွေးနွေးဖက်လား"
စားပွဲဝိုင်းမှာထိုင်ပြီး တိုင်းပြည်အရေးအတွက် ဆုံးဖြတ်ချက်ချဖို့ ဆွေးနွေးတော့မယ်ဆိုရင် ဆွေးနွေးတဲ့အဖွဲ့တွေကိုလည်း တချက်ပြန်ဆန်းစစ်ဖို့ လိုလာပါပြီ။ စစ်အုပ်စုဟာ ဆွေးနွေးဖက်ဖြစ်ထိုက်တန်တဲ့ စံတွေ၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရဲ့လား။ တခွန်းတည်းဆိုရရင် မြန်မာပြည်အရေးကို အဆုံးအဖြတ်ပြုဖို့ ဆွေးနွေးရာမှာ စစ်အုပ်စုဟာ ပါဝင်ဖို့အတွက် ဘောင်ဝင်ပါရဲ့လား။
ပထမဦးဆုံးအနေနဲ့ စစ်အုပ်စုဟာ နိုင်ငံတနိုင်ငံရဲ့ အခြေခံအကျဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဒုတိယအနေနဲ့ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ၂၀၁၄ ခုနစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ အဖွဲ့အစည်းဖြစ်နေပါတယ်။
တတိယအချက်နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၁ ကို ဖောက်ဖျက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်နေတဲ့ မင်းအောင်လှိုင်ကို သစ္စာခံကာ ကြံရာပါ ကျူးလွန်နေသူတွေဟာ စစ်အုပ်စုဖြစ်ပါတယ်။ ဒါတွေက အရေးကြီးတဲ့ ပြည်တွင်းဥပဒေတွေကို ဖော်ပြခဲ့တာပါ။
နောက်ပြီး နိုင်ငံတကာဥပဒေတွေနဲ့ ပတ်သက်ရင်လည်း စစ်အုပ်စုဟာ ရောမသဘောတူစာချုပ်ပါ အချက်တွေကို ချိုးဖောက်ကျူးလွန်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး နောက်မှာလည်း ရည်ရွယ်ချက်ရှိရှိနဲ့ ဂျီနိုဆိုက်ကျူးလွန်နေတာ စစ်အုပ်စုဖြစ်ပါတယ်။
ဒီလိုဥပဒေတွေကို ချိုးဖောက်နေတဲ့စစ်အုပ်စုဟာ ရာဇဝတ်ကောင်တွေ၊ တရားခံတွေ ဖြစ်နေတာပါ။ အခုဆိုရင် နိုင်ငံတကာတရားစီရင်ရေးစနစ်အရပါ ဖမ်းဝရမ်းထုတ်ခံနေရပါပြီ။ မကြာခင် ICC ကလည်း ထွက်လာဖို့ ရှိပါတယ်။
စစ်အုပ်စုဟာ စစ်တပ်လား၊ ဥပဒေကို ချိုးဖောက်ထားတဲ့ ရာဇဝတ်သားတွေလားဆိုတာ အထင်သားပဲမဟုတ်လား။
ဆရာကြီးတို့ မြင်ကြပါရဲ့လား။
ဆရာကြီးတို့ ဆက်ပြီး ဖြေကြည့်ရမှာက
ဒါကြောင့် ပြည်တွင်းအပါအဝင်၊နိုင်ငံတကာ အသိုက်အဝန်း ဆိုသူတွေကိုပါ မေးရမှာက ရာဇဝတ်ကောင်တွေနဲ့ တဝိုင်းတည်းထိုင်ပြီး အဆုံးအဖြတ်ပေးတဲ့ကိစ္စတွေမှာ ဆွေးနွေးကြပါသလား။ ရာဇဝတ်ကောင်တွေနဲ့ဆွေးနွေးတဲ့ ဓလေ့ရော ရှိပါသလား။
မြန်မာနိုင်ငံတရားစီရင်ရေးစနစ်အရ ပြစ်မှုကျူးလွန်ထားသူတွေ၊ အထူးသဖြင့် လူသတ်မှု၊ မုဒိမ်းမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုလို ကိစ္စတွေမှာ ဆွေးနွေးရိုးထုံးစံမရှိ။ အဆုံးစွန်အနေနဲ့ ရာဇဝတ်သားက အမှန်အတိုင်းဝန်ခံရင် "ပြစ်ဒဏ်လျှော့ပေါ့ဖို့ စဉ်းစားတဲ့" အဆင့်ပဲရှိပါတယ်။ ရာဇဝတ်သားကို အပြစ်ကင်းသူသဖွယ်၊ သက်ဆိုင်ရာကိစ္စမှာ အဆုံးအဖြတ်ပြုနိုင်တဲ့ အရာရှိကြီးသဖွယ် ဆွေးနွေးတာမျိုး၊ အလေးပေးတာမျိုး လုံးဝလုံးဝမရှိပါ။ ဖော်ကောင်လုပ်တဲ့သူတွေတောင် အဲ့လိုအခွင့်အရေးမျိုးမပေးပါ။
UK လို၊ US လို ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေရဲ့ တရားစီရင်ရေးမှာဆိုရင်လည်း အလားတူပါပဲ။ plea bargaining ဆိုတာ ရှိပါတယ်။ ဆိုလိုတာက စွပ်စွဲခံထားရတဲ့ ရာဇဝတ်ကောင်ဟာ သူ့ကိုတင်ထားတဲ့ စွဲချက်တွေထဲက တချို့ကိုပြန်ရုပ်သိမ်းပေးဖို့ (သို့မဟုတ်) ပြစ်ဒဏ်ကိုလျှော့ပေါ့ပေးဖို့ တရားရေးအရာရှိ၊ ဥပဒေအရာရှိတွေနဲ့ တွေ့ဆုံတဲ့ဖြစ်စဉ်ပါ။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာလည်း တရားခံဟာ အောက်စည်းက နေရပါတယ်။ အဆုံးအဖြတ်ပြုလို့ရတဲ့သူတွေမဟုတ်ပါဘူး။ ဒါ့အပြင် အပေါ်ကဖော်ပြခဲ့သလို ကြီးလေးတဲ့အမှုတွေမှာဆိုရင် plea bargaining ဟာ မဖြစ်နိုင်သလောက်ပါပဲ။
ဒါကြောင့် သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူးဆိုတာဟာ အပိတ်သဘောဖြစ်နေရင်တောင် ဆွေးနွေးမယ့် စစ်အုပ်စုဟာ ပြစ်မှုကင်းရှင်းသူဖြစ်ရဲ့လား၊ ရာဇဝတ်ကောင်တွေနဲ့ဆွေးနွေးပွဲလုပ်ပြီး တိုင်းပြည်အရေး အဆုံးအဖြတ်ပြုရာမှာ လူရာသွင်းသလားဆိုတဲ့ ဓလေ့ဟာ ကမ္ဘာ့တရားစီရင်ရေး သမိုင်းမှာရော မြန်မာ့တရားစီရင်ရေးသမိုင်းမှာပါ ရှိခဲ့သလား၊ ရှိသင့်သလားဆိုတာကို ပြည်တွင်းပြည်ပ ဆွေးနွေးရေးသမားများအနေနဲ့ဖြေကြားစေလိုပါတယ်။
တင်ဦး
(သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)