
ရခိုင်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက လူနေအိမ်တွေကို ဧည့်စာရင်း လိုက်လံစစ်ဆေးပြီး အပိုလူတွေ့ရင် ကျပ်ငွေ ၁၅၀၀၀၀ ဒဏ်ရိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျုံပျော်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၆ ရက်ကစတင်ပြီး ဧည့်စာရင်းဝင်စစ်ဆေးတာတွေကို ဆက်တိုက်လုပ်နေပြီး ဧည့်စာရင်းတိုင်ထားပေမဲ့ အပိုလူတွေ့တဲ့အခါ ဖမ်းဆီးလို့ရတယ်လို့ ခြိမ်းခြောက်ပြီး ဓာတ်ပုံရိုက်ကာငွေကျပ် ၁ သိန်းခွဲ အနည်းဆုံးတောင်းနေတယ်လို့ ဆိုပါတယ်။
ကျုံပျော်မြို့ခံ အမျိုးသမီးတယောက်က “အုပ်ကြီးပါ ပါလာတာ။ သေနတ်တွေနဲ့ စကစတပ်က ညတိုင်းဧည့်စာရင်း ပြန်စစ်လာတယ်။ စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ နေရတာ ဘာတွေမှန်းကို မသိတော့ဘူး။ လုပ်ချင်တိုင်း လုပ်နေတာခံနေရတာပါပဲ။ ဧည့်စာရင်းသွားတိုင်ရင်လည်း ပိုက်ဆံပေးရတယ်။ မတိုင်လို့ မိရင်တော့ ပိုပေးရတယ်။ တိုင်ထားပါတယ် ပြောတော့လည်း သူတို့ ထပ်လာစစ်တဲ့ အဖွဲ့က မသိဘူးလို့ ငြင်းလို့ ထပ်ပေးရတယ်။ ကိုယ့်အိမ်ကိုယ်နေတာတောင် တရက်လေးမှအေးအေးချမ်းချမ်း နေရတယ်လို့ကို မရှိပါဘူး”လို့ ပြောပါတယ်။
အဲ့ဒီလို ဧည့်စာရင်းစစ်တဲ့အခါမှာ ညပိုင်း ဝင်စစ်ဆေးတာ များပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ အရန် မီးသတ်တွေနဲ့ ပြည်သူ့စစ်တွေ ပါဝင်လာပြီး အရက်သောက်ထားတာကြောင့် စစ်ဆေးတဲ့အခါ အရပ်သားတွေကို ဆဲဆိုကြိမ်းမောင်းပြီး နေအိမ်ခြံစည်းရိုးတွေကိုလည်း ခြေနဲ့ ကန်တယ်လို့ ဆိုပါတယ်။
ကျုံပျော်မြို့ခံတယောက်က ''လာစစ်တော့ မမူးနေတဲ့သူ တယောက်မှမပါဘူး။ တာဝန်ရှိ သူတွေဖြစ်လို့ စကားကောင်းကောင်း ပြောမယ်မထင်နဲ့ စကားကောင်း တခွန်းမပါဘူး။ ဆဲဆိုအော်ဟစ်နေတာ။ သေနတ်တထောင်ထောင်နဲ့ လူမိုက်တောင်သူတို့ထက် ကျက်သရေ ရှိတယ်။ ပုသိမ်အလုပ်လုပ်နေတဲ့မောင်လေး နေမကောင်းလို့ပြန်လာတာကို လူ အပိုရှိလို့ဆိုပြီး ကျပ်တသိန်းခွဲ ဒဏ်ရိုက်သွားတယ်။ အိမ်သားပါလို့ပြောတာ မရဘူး''လို့ ပြောပါတယ်။
ကျုံပျော်မြို့နယ်မှာ စစ်တပ်က ဧည့်စာရင်းတွေ တင်းတင်းကျပ်ကျပ် စစ်ဆေးလာတဲ့အပြင် AA ၊ PDF တွေရဲ့ သတင်းရရင် အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ် ပြောဆိုပေးဖို့၊ PDF တွေ လက်မခံဖို့၊ လက်ခံတာ စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးပြီး အရေးယူလို့ရတယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။