
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်ရိက္ခာပို့ဖို့ ကားငှားရမ်းခတွေကို အရပ်သားတွေဆီကနေ ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်ကို စစ်တပ်ရိက္ခာပို့ဖို့အတွက် ရိက္ခာတင်ကားငှားရမ်းခဆိုပြီး ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်က ကားရှိတဲ့အိမ်တိုင်းကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံငွေကောက်နေတာလို့ သိရပါတယ်။
ဒေသခံတယောက်က “ကားတွေလုံလောက်မှုမရှိလို့ လိုအပ်လို့ကောက်တာဆိုပြီး ကောက်နေတာပါ။ ကျုံပျော် ခလရ ၃၆ တပ် ဗိုလ်ကြီး စိုးထက်အောင်ရဲ့ ဖောကားနဲ့ ရိက္ခာပို့ဖို့အတွက် ငှားရမှာဆိုပြီး ပြောကောက်နေတာ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်က ကောက်ခံတာဖြစ်ပြီး အကား ၁ စီးရှိတဲ့အိမ် ၅ သောင်း၊ ကား ၂ စီး ရှိတဲ့အိမ် ၁ သိန်းအထိ ကောက်ယူနေတာဖြစ်ပြီး ငွေထည့်ပေးတဲ့သူတွေ များတယ်လို့ သိရပါတယ်။
ကျုံပျော်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ရိက္ခာပို့ဖို့အသုံးပြုစရာကား လိုအပ်ချက်ကြောင့် အရပ်သားတွေဆီကနေငွေကောက်နေတာ ဟုတ်တယ်။ ကောက်တဲ့ငွေမပေးရင် အဖမ်းခံရမယ်၊ ကားသိမ်းမယ်၊ ဘာလုပ်မယ် ညာလုပ်မယ် ခြိမ်းခြောက်နေတော့ ငွေထည့်သူများတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ကနေ ရခိုင်-ဧရာဝတီနယ်စပ်က တပ်စခန်းတွေဆီ ရိက္ခာပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်မော်တော်ယာဉ်တွေနဲ့ ဧရာဝတီကနေ ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းဘက်ကို ရိက္ခာတွေ တင်ပို့တဲ့အခါ မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရတာတွေရှိလို့ အခုလို အခက်အခဲတွေ ကြုံလာရတာလို့ သိရပါတယ်။