
စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့ကြား ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီနဲ့ ရှမ်းတောင်မှာ ၂၀၂၅ နှစ်အစကနေ ဖေဖော်ဝါရီလကုန်အထိ ဒရုန်းစစ်ဆင်ရေး အကြိမ် ၁၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံ PDF က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒရုန်းစစ်ဆင်ရေးအနေနဲ့ မိုးဗြဲမှာ ၅၆ ကြိမ်၊ ညောင်ရွှေမြို့နယ်က လွယ်လုံကျေးရွာမှာ ၂၈ ကြိမ်နဲ့ ရေပူကျေးရွာမှာ ၁၄ ကြိမ်၊ ဆီဆိုင်မြို့နယ် ရွှေတဂူစခန်းသိမ်းတိုက်ပွဲမှာ ၆ ကြိမ်၊ စုစုပေါင်း ၁၀၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖယ်ခုံ PDF တာဝန်ခံက “ဒရုန်းပိုင်းကလည်း အဓိကပါဝင်ပါတယ်။ ဒရုန်းက တိုက်ပွဲမဖြစ်လည်း စစ်ဆင်ရေးသီးသန့်လုပ်လို့ရတာမို့ အကြိမ်အားဖြင့် များနေတဲ့သဘောပါ။ တိုက်ပွဲတွေကလည်း ဖြစ်တဲ့ပွဲတိုင်းက ဒေသတွင်းပွဲတွေဖြစ်လို့ အမြဲလိုက်ပါပြီး တိုက်ခိုက်ရေးကို ဦးဆောင်ရပါတယ်” လို့ ပြောပါတယ်။
စစ်ရေးလှုပ်ရှားမှုအနေနဲ့ စစ်နည်းဗျူဟာရေးရာ၊ ချေမှုန်းရေး၊ ဒရုန်းတိုက်ခိုက်ရေး၊ ကယ်ဆယ် ကုသရေး၊ ထောက်ပို့ရေးတွေကို မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တော်လှန်တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးတော့ ဖယ်ခုံ PDF အနေနဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ၂ လတာအတွင်း ဒဏ်ရာရရဲဘော် ၂၆ ယောက်၊ အရပ်သားပြည်သူ ၂၄ ယောက်နဲ့ စစ်သုံ့ပန်း ၆ ယောက်တို့ကိုလည်း ကယ်ဆယ်ပြီး ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။
၂ လတာတိုက်ပွဲတွေကို မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၄၀ ကျော် သေဆုံး၊ လက်နက် အလက် ၃၀ ကျော်ကိုလည်း ရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂ လတာအတွင်း စစ်ကောင်စီတပ်သား ၈ ယောက်က လက်နက် ၆ လက်နဲ့အတူ ဖယ်ခုံ PDF ဆီကို အလင်းဝင်လာခဲ့ပါတယ်။
အခုလက်ရှိမှာတော့ မိုးဗြဲအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကြောင်းထိုးနေပေမယ့် အထိနာနေတာကြောင့် လေကြောင်းကနေဗုံးကြဲတာ၊ ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။