
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ အရှေ့ပိုင်းက ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ ဘူကာဗူမြို့ရဲ့ လမ်းမတွေပေါ်မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ USAID ကနေ လုယက်ခံခဲ့ရတဲ့ အာဟာရဖြည့်စွက်စာတွေကို ရောင်းချနေတာကြောင့် ဘေးကင်းမကင်း စောင့်ကြည့်စစ်ဆေးမှု မရှိဘဲ အသုံးပြုနေကြတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးစိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဘူကာဗူမြို့ ဈေးကွက်ထဲမှာ အသင့်စား ကုထုံးဓာတ်စာ (RUTF) ပါကင်ထုပ်တွေကို ကွန်ဂိုဖရန့်ငွေ ၅၀၀ နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။
ဒီအစားအစာတွေဟာ အလွန်အမင်း အာဟာရချို့တဲ့နေတဲ့ အသက် ၅ နှစ်အောက် ကလေးတွေအတွက် အသုံးပြုတာဖြစ်ပြီး မဆင်မခြင်သုံးစွဲရင် ကျန်းမာရေးအန္တရာယ်တွေ ရှိလာနိုင်ပြီး လူတွေရဲ့ အစာချေဖျက်မှုဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ကြောင်းနဲ့ အလွန်အကျွံ စားသုံးခြင်းကြောင့် ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်စေနိုင်ကြောင်း ဟော်မုန်းထုတ် ဂလင်းတွေနဲ့ ကိုယ်တွင်းအင်္ဂါ ရောဂါရှာဖွေ ကုသခြင်းဆိုင်ရာ ဆရာဝန် ဒေါက်တာ အဒိုးလ်ဖီ ညာကာဇာနာက ပြောပါတယ်။
အခုလအစောပိုင်းက ရဝမ်ဒါကျောထောက်နောက်ခံပြု M23 သူပုန်တွေဟာ ဘူကာဗူမြို့ကို သိမ်းပိုက်လိုက်ချိန်မှာ အကူအညီပေးရေးပစ္စည်း ဂိုဒေါင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် အဖောက်ခံရ၊ လုယက်ခံရခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ခုလို အရောင်းအ၀ယ်တွေ ပေါ်ပေါက်လာတာပါ။
ဒေသခံတွေကတော့ ဒီလုယက်မှုအတွက် ချီတက်လာကြတဲ့ သူပုန်တွေဆီကနေ ထွက်ပြေးလာကြတဲ့ ကွန်ဂိုစစ်တပ်က စစ်သားတွေနဲ့ ပြည်သူ့စစ်တွေအပေါ် အကြီးအကျယ် အပြစ်တင်ကြပါတယ်။
M23 သူပုန်တွေရဲ့ ချီတက်လာမှုကြောင့် ဇန်နဝါရီလကတည်းက လူပေါင်း ၁ သန်းခွဲလောက် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး လုယက်ခြင်းအန္တရာယ်ကြောင့် ကွန်ဂိုအရှေ့ပိုင်းမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။
Source : Reuters