Home
နိုင်ငံတကာ
အမေရိကန်တွင် ဝက်သက်ရောဂါ ကူးစက်ပြီး ၂ ဦးသေဆုံး
DVB
·
February 27, 2025
Photo : Reuters

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် အနောက်ပိုင်းမှာ ကလေးငယ်တယောက် ဝက်သက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးအရာရှိတွေက ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

တက္ကဆက်ပြည်နယ်မှာ ဝက်သက်ရောဂါကူးစက်ခံ လူဦးရေ လက်တဆုပ်စာကနေ ပြည်နယ် ၂ ခုမှာ ကူးစက်ခံဦးရေ ၁၃၀ ကျော်အထိ တိုးလာတာပါ။

ဆယ်စုနှစ်တခုအတွင်း အင်မတန် ကူးစက်လွယ်တဲ့ ရောဂါကြောင့် အမေရိကန်မှာ ပထမဆုံး သေဆုံးမှုကို အစီရင်ခံတာလည်း ဖြစ်ပါတယ်။

ရောဂါကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးဟာ ကလေးဆေးရုံမှာ ညတွင်းချင်း သေဆုံးသွားခဲ့တယ်လို့ တက္ကဆက်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

“မြေးတွေရှိတယ်၊ သေချာပေါက် သူတို့ကို ရောဂါမကူးစေချင်ဘူး။ သူတို့မလာဖို့ မျှော်လင့်ပါတယ်” လို့ တက္ကဆက်ပြည်နယ် အယ်လ်ပါစိုမြို့က အသက် ၈၀ အရွယ် မေရီ ဗာကာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တက္ကဆက်မှာ ဝက်သက်ရောဂါကူးလို့ လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ အခုလအစောပိုင်းကမှ ကျန်းမာရေးဝန်ကြီးအဖြစ် အတည်ပြုခဲ့တဲ့ ကာကွယ်ဆေးထိုးတာကို ဝေဖန်သူ ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာက ဗုဒ္ဓဟူးနေ့က အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ပြောပါတယ်။

အသေးစိတ်အချက်အလက်တွေကို သူက မပြောသလို တက္ကဆက်နဲ့ နယူးမက္ကဆီကို ပြည်နယ်တွေက ကျန်းမာရေးအာဏာပိုင်တွေက ဒုတိယသေဆုံးမှုကို မဖော်ပြကြပါဘူး။

ဖေဖော်ဝါရီလ အစောပိုင်းကတည်းက တက္ကဆက်အနောက်ပိုင်းမှာ ဝက်သက်ရောဂါကို လူ ၁၂၄ ယောက်ထက်မနည်း ကူးစက်ခံရပြီး ၅ ယောက်က ကာကွယ်ဆေးမထိုးရသေးဘဲ အများစုက ကလေးငယ်တွေဖြစ်တယ်လို့ တက္ကဆက်ကျန်းမာရေး တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေတာကနေ လေထဲ ပျံ့နှံ့သွားတဲ့ ဝက်သက်ကြောင့် သေဆုံးနှုန်းဟာ အစီရင်ခံထားတဲ့ ရောဂါဖြစ်ပွားမှု ၁,၀၀၀ တိုင်းမှာ တယောက်ကနေ ၃ ယောက်ထိ သေဆုံးခဲ့တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနက ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ဝက်သက်ရောဂါကြောင့် နောက်ဆုံးသေဆုံးမှုဟာ ၂၀၁၅ ခုနှစ်မှာဖြစ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC က ပြောထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013