Home
မြန်မာသတင်း
“အိမ်တွေလည်း မီးလောင်ကုန်ပြီ၊ ထပ်ဆင့်ပြေးရတာ ပိုက်ဆံတွေလည်း မရှိမဲ့ ရှိမဲ့ကုန်” - စစ်ရှောင်တဦး
DVB
·
February 27, 2025

ကမမောင်းမြို့ဒေသခံတွေနဲ့အတူ စစ်ရှောင်ပြည်သူတွေ အပါအဝင် အနီးအနားကျေးရွာက ပြည်သူတွေ နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင် အတွင်းက စစ်ကောင်စီရဲ့ ကမမောင်းဗျူဟာ မကျရေး ကမမောင်းမြို့အနီးအနားက ကျေးရွာတွေကို စစ်ကောင်စီရဲ့ ဘားအံအမြောက်တပ်၊ ကမမောင်းဗျူဟာကနေ မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ 

ဒါ့အပြင် လေကြောင်းကပါ ပစ်ကူပေးပစ်ခတ်နေတာကြောင့် ကမမောင်းဒေသခံတွေနဲ့အတူ စစ်ရှောင်ပြည်သူတွေအပါအဝင် ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော် စတဲ့အနီးအနားကျေးရွာက ဒေသခံ ပြည်သူ ၃၀၀၀ ကျော်ဟာ မြိုင်ကြီးငူ၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “အခက်အခဲက ဆန်တို့ ဘာတို့ပဲ။ စားစရာတို့ ဆန်တို့ပေါ့။ နေထိုင်ရတာတော့ သူများအိမ်တွေမှာဆိုတော့ အိမ်လခတွေပါ ကုန်ကျတယ်။ အလုပ်က နေ့စား ကုန်လိုက်ထမ်း ဒီလိုပဲ။ တချို့လည်း နီးစပ်ရာရွာတွေမှာ အလုပ်လိုက်လုပ်ကြတယ်။ ပန်းရန်လုပ်လိုက်၊ နေ့စားလုပ်လိုက် အဲဒီလိုမျိုး လုပ်စားနေကြတယ်။ ဒီလိုပဲ ဖြေရှင်းနေရတယ်။ ကျနော်တို့ ဖာပွန်ကအဖွဲ့ဆိုရင် ထပ်ပြေးရတာ စစ်ရှောင်က တခါ နှစ်ခါ သုံးခါရှိပြီ” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ ဘားအံမြို့အပါအဝင် ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင် ရာမှာ အိမ်ငှားနေထိုင်ရတာ၊ ဧည့်စာရင်းတိုင်ကြားရတဲ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကျေးရွာအတွင်း နေထိုင်ခအဖြစ် ငွေတောင်းခံတာတွေနဲ့ ထပ်မံရင်ဆိုင်ရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ လက်ရှိမှာလည်း စစ်‌ရှောင်ပြည်သူတွေဟာ ကမမောင်းမြို့ကနေ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရတာကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “ရင်ဆိုင်ရတာ အစုံပဲ။ သူများမြို့ သူများရွာမှာလာနေနေရတယ်။ ကိုယ်အိုးအိမ်စည်စိမ်တွေပစ်ထားရတယ်။ အကုန်လုံး လုပ်ကိုင်စားသောက်လည်း အဆင်မပြေဘူး။ အစစအရာရာ ဘာတခုမှ အဆင်ပြေမှု မရှိဘူး။ အလုပ်တွေလည်း လုပ်စားလို့မရဘူး။  အလုပ်အကိုင်က မရှိတာ။ အလုပ်လုပ်တဲ့ နေ့စားသမားက ပိုဆိုးတယ်။ ကိုယ်မြို့ကိုယ်ရွာမှာက သူဟာလေးနဲ့သူ လုပ်စားလို့ရတယ်။ အိမ်တွေလည်း မီးလောင်ကုန်ပြီ၊  ထပ်ဆင့်ပြေးရတာ ပိုက်ဆံတွေလည်း မရှိမဲ့ ရှိမဲ့ကုန်။ တခေါက်ပြေး လွယ်လွယ်လေးမှ မဟုတ်တာ။ ဟိုဘက်ပြေး ဒီဘက်ပြေးနေရတယ်” လို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ လက်အောက်ခံ နယ်မြေအားလုံးလိုလိုမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံပြည်သူ ၁၀ သိန်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013