
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရဲ့ အထင်ကရ ဘုရားတဆူဖြစ်တဲ့ ရှစ်သောင်းပုထိုးရဲ့ ဂေါပကတယောက်ကို ဖေဖော်ဝါရီ ၂၅ ရက်မှာ အမျိုးသားတယောက်က ဓားနဲ့ခုတ်သတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရှစ်သောင်းပုထိုးမှာ ဂေါပကအဖြစ် ဆောင်ရွက်နေတဲ့ ဦးအောင်မြင့်ဇော်ကို ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁၂ နာရီကျော်လောက်မှာ အမျိုးသားတယောက်က ဓားနဲ့ခုတ်သတ်ခဲ့တာလို့ မြောက်ဦးမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဂေါပကတဦး အသတ်ခံရတာ ဟုတ်တယ်။ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ဘုရားထဲမှာ ဓားနဲ့ ခုတ်သတ်ခံတာ။ ဘယ်သူသတ်သွားတယ် ဆိုတာတော့ မသိရသေးဘူး။ တချို့ပြောကြတာကတော့ ဘုရားအလှူငွေတွေကို လုယက်တာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အသတ်ခံရတာလို့ ပြောကြတယ်။ ဘာကြောင့်သတ်တယ် ဆိုတာတော့ အတိအကျ မသိရသေးဘူး။”
လက်ရှိမှာ လူသတ်မှုကျူးလွန်ခဲ့သူကို အာရက္ခတပ်တော်က လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောက်ဦးမြို့ရဲ့ နာမည်အကြီးဆုံး ဘုရားပရိဝုဏ်ထဲမှာ ဂေါပကတွေ သတ်ဖြတ်ခံရတာဟာ အရမ်းစိုးရိမ်စရာကောင်းတယ်လို့ မြောက်ဦးမြို့ခံ နောက်ထပ် အမျိုးသားတယောက်က ပြောပါတယ်။
“ရှစ်သောင်းဆိုတာ မြောက်ဦးမြို့မှာ နာမည်အကြီးဆုံးနဲ့ ဘုရားဖူး အစည်ကားဆုံးဖြစ်တယ်။ ဒီလိုနေရာမျိုးမှာ ဂေါပကတဦးကို အကြမ်းဖက် သတ်ဖြတ်ခံရတယ်ဆိုတာက ဘုရားဖူးတွေနဲ့ မြို့ခံတွေအတွက် အရမ်းကို တုန်လှုပ်မှုဖြစ်ပွားစေတယ်။ နောက် AA ရဲ့ တရားဥပဒေစိုးမိုးမှု အပေါ်မှာလည်း အမည်းစက်တွေ ဖြစ်စေနိုင်တာကြောင့် ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်။”
မြောက်ဦးမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ဘုရားဖူးတွေနဲ့ စည်ကားနေတဲ့မြို့လည်း ဖြစ်ပါတယ်။
ဒ့ါအပြင် မြောက်ဦးနဲ့ ကျောက်တော် ကားလမ်းပိုင်းမှာလည်း ၂၀၂၅ ခုနှစ်အတွင်း လုယက်မှုတချို့ ရှိခဲ့တယ်လို့ ရခိုင်ဒေသတွင်း မီဒီယာတွေမှာ ရေးသားဖော်ပြမှုတွေ ရှိပါတယ်။