
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေမှာ ဒရုန်းလက်နက်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒရုန်းတွေနဲ့ အသုံးပြုမှုနဲ့ ပတ်သက်ပြီး Janes Defence Analyst Group ရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် လုံခြုံရေးဆိုင်ရာ ဆန်းစစ်သုံးသပ်သူလည်းဖြစ်တဲ့ အန်သိုနီဒေးဗစ် (Anthony Davis)ကို DVB က ဆက်သွယ်မေးမြန်းထားပါတယ်။
(မေးမြန်းချက် အပြည့်အစုံ)
မေး။ ။ လွန်ခဲ့တဲ့လအနည်းငယ်ကစပြီး စစ်ကောင်စီက နည်းပညာမြင့်ဒရုန်းတွေ သုံးလာတာကို တွေ့ခဲ့ရပါတယ်။ တော်တော်များများကတော့ ဒီဒရုန်းတွေကို ရုရှားနဲ့ တရုတ်ဆီက ရလာတယ်လို့ ယူဆနေကြပါတယ်။ ဒေးဗစ်ရော ဘယ်လို ထင်ပါသလဲ။
ဖြေ။ “တော်လှန်ရေးအင်အားစုတွေက ၂၀၂၂ ခုနှစ်ကတည်းက ဒရုန်းတွေကိုအသုံးပြုနေကြတာပါ။ ၂၀၂၃ ခုနှစ်က ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီကို လှုပ်နှိုးလိုက်သလိုပါပဲ။ ၂၀၂၄ ခုနှစ် တလျှောက်လုံး စစ်ကောင်စီဟာ ဒရုန်းစွမ်းရည်တိုးတက်စေဖို့ အင်နဲ့အားနဲ့ ဆောင်ရွက်လာပါတယ်။ အရင်ကတော့ ဒရုန်းတွေကို နယ်မြေထောက်လှမ်းရေးအတွက်ပဲ အဓိကသုံးခဲ့တာပါ။ ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ ဒရုန်းစစ်ဆင်ရေးကို အရှိန်မြှင့်ရုံမကဘဲ သီးသန့် အာရုံစိုက်လာခဲ့ပါတယ်။
ကျနော့်ရဲ့ စစ်ရေးအဆက်အသွယ်တွေက အခု ၂၀၂၅ ခုနှစ်ကို ဒရုန်းတွေရဲ့နှစ်လို့ ပြောလာခဲ့တဲ့ အထိပါပဲ။ ဒရုန်းတွေကို စစ်ရေးမှာ ရည်ရွယ်ချက် ၃ ခုနဲ့ သုံးကြပါတယ်။ ပထမတခုကတော့ ထောက်လှမ်းရေးအတွက်ပါ။ ဒုတိယတခုကတော့ တိုက်ခိုက်ရေးအတွက်ပါ။ နောက်ဆုံး တခုကတော့ ထောက်ပံ့ရေးအတွက်ဖြစ်ပြီး ဒီအတွက် အသုံးပြုတာကတော့ သိပ်တွင်တွင်ကျယ်ကျယ် မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ဒီနှစ်အတွင်းမှာ ပိုအတွေ့များလာမယ်လို့ ထင်ပါတယ်။
ဒလက် ၆ ခုပါတဲ့ ဒရုန်း (hexacopter) အကြီးစားတွေကို ရန်သူဝိုင်းတာခံနေရတဲ့ စစ်စခန်းတွေဆီ ရိက္ခာနဲ့ လက်နက်ထောက်ပံ့ပေးဖို့သုံးနိုင်ပါတယ်။ ဒီရည်ရွယ်ချက် ၃ မျိုးစလုံးအတွက် ဒရုန်းအသုံးပြုမှု ပိုမိုမြင့်မားလာမယ်လို့ ထင်ပါတယ်။ စစ်တပ်အနေနဲ့ ဒါကိုဗဟိုကနေ ဗျူဟာမြောက် ကိုင်တွယ်နိုင်စေဖို့ ၂၀၂၄ ခုနှစ်အစောပိုင်းမှာ ဒရုန်းစစ်ဆင်ရေးညွှန်ကြားမှု ဦးစီးဌာနကို လေကြောင်းကာကွယ်ရေးဗျူရိုလက်အောက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒီဌာနကနေတဆင့် တနိုင်ငံလုံးမှာရှိတဲ့ စစ်ဆင်ရေးဌာနချုပ်တွေဆီ (ဒရုန်းတွေကို) ဖြန့်ဖြူးသွားမယ်လို့ ထင်ပါတယ်။
မေး။ ။ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်တွေအနေနဲ့ ဒါကို ဘယ်လို တုံ့ပြန်နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ “တခွန်းတည်းအဖြေပေးရရင်တော့ သူတို့ ဒါကို တုံ့ပြန်နိုင်မှာမဟုတ်ပါဘူး။ ဒရုန်းစစ်ဆင်ရေးမှာ တော်လှန်ရေးဘက်က ၂ နှစ်တိတိ အသာစီးရထားခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ ဖွဲ့စည်းပုံအရရော၊ ငွေကြေးအရင်းအနှီးအရရော သာလွန်သလို ပြည်ပမိတ်ဆွေတွေလည်း ရှိပါတယ်။ ဒါကြောင့် စစ်ဆင်ရေးမှာ အလှည့်အပြောင်းတွေ ဖြစ်လာပါတယ်။ ပြီးတော့ စစ်ကောင်စီက နိုင်ငံတော်အဖွဲ့အစည်းဖြစ်တဲ့အတွက် ဗဟိုကနေ စနစ်တကျ ထိန်းချုပ်ပြီး (ဒရုန်းသုံးစွဲမှုကို) အရှိန်မြှင့်တင်နိုင်ပါတယ်။ တိုင်းရင်းသားနဲ့ ဗမာတော်လှန်ရေးတပ်ဖွဲ့တွေကတော့ သူတို့ဆီမှာရှိသလောက် အရင်းအနှီးအရ လုပ်ကြရတာပါ။”
မေး။ ။ စစ်ကောင်စီက ဒရုန်းပိုမိုအသုံးပြုလာလို့ တော်လှန်ရေး အရှိန်အဟုန်ကိုအ အားနည်းသွားစေနိုင်ပါသလား။
ဖြေ။ ။ “စစ်ပွဲမှာ အလှည့်အပြောင်းတွေ ဖြစ်လာတာမှန်ပေမဲ့ စစ်ကောင်စီရဲ့ ဒရုန်းစစ်ဆင်ရေးဟာ တော်လှန်ရေးအင်အားစုတွေအပေါ် သိပ်ပြင်းပြင်းထန်ထန် မသက်ရောက်နိုင်ဘူးလို့ ထင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးအောင်မြင်မှု ကြီးကြီးမားမားရခဲ့တာ အဓိကအချက် ၃ ချက်ကြောင့်လို့ မြင်ပါတယ်။ ပထမအချက်ကတော့ စစ်တပ်ကို အလစ်အငိုက် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နိုင်ခဲ့တာပါ။ ဒုတိယအချက်ကတော့ ညီနောင် ၃ ဖွဲ့ကြား အချိတ်အဆက် ကောင်းမွန်မှုဖြစ်ပြီး တတိယအချက်ကတော့ စစ်တပ်စခန်းတွေကို ဒရုန်းနဲ့တိုက်ခိုက်နိုင်ခဲ့ခြင်းပါပဲ။
စစ်ကောင်စီအနေနဲ့ ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာမှန်ပေမဲ့ သူတို့ဟာ နိုင်ငံအနှံ့အပြားမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့လို စုစည်းထိုးစစ်ဆင်မှုမျိုးရဖို့ မလွယ်ပါဘူး။ ၂၀၂၅-၂၀၂၆ ခုနှစ်တွေဟာ ဒီစစ်ပွဲရှည်ကြီးအတွက် အဆုံးအဖြတ်ပေးမယ့်နှစ်လို့တော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီကာလအတွင်းမှာ စစ်ကောင်စီအနေနဲ့ ဒရုန်းကို နိုင်ကွက်အဖြစ် သုံးနိုင်မယ်လို့တော့ ကျနော် မထင်ပါဘူး။ ဒရုန်းဟာ အရေးပါတဲ့ လက်နက်တခုပါ။ စစ်တပ်ကလည်း ဒါကို အရှိန်မြှင့် သုံးလာနေပါတယ်။ ဒါပေမဲ့ ဒရုန်းကြောင့် သေဆုံးထိခိုက်ရတဲ့သူ အများစုဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ အရပ်သားတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဒရုန်းဟာ နိုင်ကွက်တခု ဖြစ်လာမယ်လို့တော့ ကျနော် မထင်ပါဘူး။”
မေး။ ။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း စစ်တပ်ဟာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှု အများအပြား ဆောင်ရွက်ခဲ့ပါတယ်။ အခုလာမယ့်နှစ်တွေမှာ လေယာဉ်တွေကိုလျှော့သုံးပြီး ဒရုန်းတွေကို ပိုသုံးလာလိမ့်မယ်လို့ ထင်ပါသလား။
ဖြေ။ ။ “ဒီမေးခွန်းကို မဖြေခင် တခုပြောပြချင်တာက စစ်တပ်ဟာ ၂၀၂၃ ခုနှစ်ကစပြီး စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်မှုအများအပြား လုပ်ခဲ့ပေမဲ့ အခုချိန်အထိ တော်လှန်ရေးကို မရပ်တန့်နိုင်သေးဘူး ဆိုတာပါ။ ဒီတိုက်ခိုက်မှုတွေမှာ အဓိက သေဆုံးခဲ့ရသူတွေဟာ သာမန် အရပ်သားတွေ ဖြစ်နေတာ ဝမ်းနည်းစရာကောင်းပါတယ်။ ဒါပေမဲ့ မြေပြင်စစ်ရေး အခြေအနေကတော့ ပြောင်းလဲမသွားပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း စစ်ဆင်ရေးတွေ ရှိနေဆဲ ဖြစ်သလို၊ ကချင်ပြည်နယ်က KIA ကိုလည်း တားဆီးနိုင်စွမ်းမရှိပါဘူး။ AA ကလည်း ရခိုင်ပြည်နယ်မှာ ခုချိန်ထိ စစ်ဆင်ရေးတွေဆင်နွှဲနေတုန်းပါပဲ။ ဒါကြောင့် ဒရုန်းတွေနဲ့ တိုက်ခိုက်မှုဟာ နိုင်ကွက်မဖြစ်နိုင်သလို၊ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုဟာလည်း နိုင်ကွက်မဖြစ်နိုင်ပါဘူး။”
“မူလမေးခွန်းကို ပြန်ဖြေရရင် လေယာဉ်တွေ ရဟတ်ယာဉ်တွေကို အသုံးပြုမှုဟာ အတိုင်းအတာတခုမှာ တန့်သွားပါတယ်။ အဲဒီနေရာကနေ ပြန်ကျလာနိုင်ခြေကိုတော့ မမြင်သေးပါဘူး။ ဒရုန်းအသုံးပြုမှုကတော့ ဒီနှစ်အတွင်း ပိုတိုးလာနိုင်ခြေရှိပါတယ်။ ဒါကလည်း လေကြောင်းကို ပိုပြီးဗျူဟာကျကျ အသုံးပြုဖို့ဖြစ်ပါတယ်။ တပ်ရင်းတခုခုကနေ လေကြောင်းအကူအညီ ခေါ်လိုက်ရင် လေတပ်စခန်းတွေဆီက ရောက်လာတာကို မိနစ်နဲ့ မဟုတ်ရင်တောင် နာရီနဲ့ချီပြီး စောင့်ရနိုင်ပါတယ်။ ရောက်လာပြန်ရင်လည်း Y-12 ကလွဲလို့ ကျန်တဲ့လေယာဉ်အများစုဟာ အချိန်ကြာကြာပျံသန်းနိုင်စွမ်းမရှိပါဘူး။ ဒါကြောင့် လေယာဉ်နဲ့ ရဟတ်ယာဉ်တွေဟာ ဒရုန်းတွေလောက် ဗျူဟာကျကျ တုံ့ပြန်နိုင်စွမ်းမရှိပါဘူး။ ဒရုန်းတွေကျတော့ လေတပ်စခန်းတွေကနေ လာတာမဟုတ်ဘဲ ရှေ့တန်းတပ်ရင်းတွေဆီကနေ ထိန်းချုပ်လို့ရပါတယ်။ ဒါကြောင့် ဖြစ်နေတဲ့ပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်ပါတယ်။ ကျနော့်အနေနဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် သုံးစွဲမှုကတော့ တန့်သွားပေမဲ့ ကျလာနိုင်ခြေကို မမြင်သေးပါဘူး။ တခြားကိစ္စတခုခုရှိလာခဲ့ရင် မြင့်တောင်မြင့်တက်သွားနိုင်ပါသေးတယ်။ ဒရုန်းအသုံးပြုမှုကတော့ သိသိသာသာ မြင့်တက်လာနိုင်ခြေရှိပါတယ်။”
မေး။ ။ စစ်တပ်က ဘယ်လိုဒရုန်းတွေကို သုံးနေပါသလဲ။
ဖြေ။ ။ “၂၀၂၄ ခုနှစ်အစောပိုင်းကာလတုန်းကတော့ စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ အထူးသဖြင့် ညီနောင်မဟာမိတ်တွေကို နမူနာယူတာ တွေ့ရပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ သုံးတဲ့ quadcopter (ဒလက် ၄ ခုပါဒရုန်း) နဲ့ hexacopter တွေကို တရုတ်ဈေးကွက်ကနေတဆင့် အလုံးရေ ၂၀၀၀-၃၀၀၀ လောက် ဝယ်ယူလိုက်ပါတယ်။ ပြီးတော့ မိတ္ထီလာက လေတပ်စခန်းမှာ တရုတ် အကူအညီနဲ့ပဲ ဒီဒရုန်းတွေကို လက်နက်တပ်ဆင်ပါတယ်။ စစ်တပ်ရဲ့ လက်ရှိ တိုက်ခိုက်ရေးမစ်ရှင်အများစုမှာ သုံးနေတာ ဒီဒရုန်းတွေလို့ ပြောရင်လွန်မယ် မထင်ပါဘူး။ ဒါ့အပြင် ဒရုန်းပေါ်ကနေ ပစ်ချလို့ရတဲ့ ဗုံးတွေကို မကွေးတိုင်းထဲက ကပစ စက်ရုံတွေမှာ ထုတ်လုပ်ပါတယ်။ အဲ့ဒီတော့ ဒရုန်းထုတ်လုပ်မှုရော တွဲဖက်အသုံးပြုတဲ့ ဗုံးထုတ်လုပ်မှုရော အရေအတွက်များများ အရှိန်မြင့်မြင့်နဲ့ ဆောင်ရွက်လာပါတယ်။ နောက်တခုကတော့ အသေခံဒရုန်းထုတ်လုပ်မှုပါ။ ဒီအကြောင်းကို ကျနော် အရင်ကလည်း ရေးဖူးပါတယ်။ ဒီဒရုန်းတွေကို လွန်ခဲ့တဲ့ ဒီဇင်ဘာလက ရခိုင်ပြည်နယ်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ခဲ့စဉ် ကာလမှာ စတင်တွေ့ရှိခဲ့ရပါတယ်။ AA ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတခုမှာ တြိဂံပုံစံ အဖြူရောင်အတောင်ပံနဲ့ ဒရုန်း ပျံသန်းနေတာကို ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်။ အဲဒီတုန်းကတော့ ဒီဒရုန်းရဲ့ အရွယ်အစားကို တိတိကျကျ မသိခဲ့ရပါဘူး။”
ဇန်နဝါရီလက ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုအပြီး ကျန်ရစ်ခဲ့တဲ့ အသေခံ ဒရုန်းအပိုင်းအစတွေကို ကြည့်တော့မှ အရွယ်အစားကို သိရတာပါ။ အဲဒီတော့မှ စစ်ကောင်စီဟာ လက်နက်တွေကို ပြည်တွင်းမှာထုတ်လုပ်နေရုံမကဘဲ အသေခံဒရုန်းတွေကိုပါ ထုတ်လုပ်နေကြောင်း နားလည်ခဲ့ကြပါတယ်။ အဲဒီဒရုန်းရဲ့ဖွဲ့စည်းပုံဟာ တရုတ်ရဲ့ Sunflower 200 အသေခံဒရုန်းနဲ့ ဆင်တူပါတယ်။ Sunflower 200 ကိုယ်တိုင်က အီရန်ရဲ့ Shahid 136 ကို တုပထားတာပါ။ Shahid 136 ဟာ ယူကရိန်းစစ်မြေပြင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အသေခံဒရုန်းတွေပါ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အသေခံဒရုန်းတွေဟာ တရုတ်ရဲ့ Sunflower 200 ထက် အရွယ်အစားသေးသလို နည်းပညာလည်း သိပ်မမြင့်မားပါဘူး။ Sunflower 200 မှာ ကီလိုဂရမ် ၄၀ ရှိတဲ့ထိပ်ဖူး တပ်ဆင်ထားပါတယ်။ ဒါဟာ တော်တော်ပေါက်ကွဲအားပြင်းတဲ့ ပမာဏပါ။ ကရင်ပြည်နယ်က ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးမှု သိပ်မများတာကိုကြည့်ရင် စစ်တပ်ရဲ့ အသေခံဒရုန်းတွေဟာ အရွယ်အစားသေးငယ်သလို ပေါက်ကွဲအားကလည်း ၅ ကီလိုဝန်းကျင် လောက်သာရှိနိုင်မယ်လို့ ကျနော်ခန့်မှန်းပါတယ်။ ဒါကြောင့် အီရန်လုပ် တရုတ်လုပ် အသေခံဒရုန်းတွေထက် ဖျက်အားနည်းပါတယ်။ ဒါပေမဲ့ ဆိုးတာက စစ်တပ်ဟာ ဒီဒရုန်းတွေကို ဗျူဟာကျကျ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်အောင် အသုံးပြုနေတာပါ။ အီရန်ရဲ့ အသေခံဒရုန်းဟာ ပေါက်ကွဲအားမြင့်ပြီး ကီလိုမီတာ ထောင်နဲ့ချီအောင် ပျံသန်းနိုင်ပါတယ်။ ဒါကြောင့် ရုရှားကနေ ယူကရိန်းအလယ်ဗဟိုလောက်ထိ သွားနိုင်ပါတယ်။ စစ်ကောင်စီကတော့ အရင်းအမြစ်တွေ မရှိလို့ပဲလား၊ တမင်ရည်ရွယ်ချက်နဲ့လားတော့ မသိပါဘူး၊ ပေါက်ကွဲအားနည်းပေမဲ့ အလျင်အမြန် ဗျူဟာမြောက် တုံ့ပြန်နိုင်တဲ့ အသေခံဒရုန်းတွေကို ထုတ်လုပ်ထားပါတယ်။ ဆိုတော့ အားသာချက်ရော အားနည်းချက်ရော ၂ မျိုး တွဲနေတာကို တွေ့ရပါတယ်။”
တတိယအမျိုးအစားကတော့ First-Person View (လူက မြင်ကွင်းကိုကြည့်ပြီး ထိန်းချုပ်နိုင်တဲ့) ဒရုန်းတွေပါ။ ဒါကိုတော့ အရေအတွက်အနည်းငယ်သာ ထုတ်လုပ်သလို အကန့်အသတ်နဲ့သာ အသုံးပြုတာ တွေ့ရပါတယ်။ ထိန်းချုပ်မောင်းနှင်တဲ့သူက ကင်မရာကနေကြည့်နေပြီး ပစ်မှတ်နား ရောက်ရင် ဖောက်ခွဲပစ်လိုက်တဲ့ အသေခံဒရုန်းတမျိုးပါပဲ။ ယူကရိန်းစစ်မြေပြင်မှာ နှစ်ဘက်စလုံးက တပ်တွေ အသုံးပြုကြပါတယ်။ ကျနော် သတိထားမိသလောက် စစ်ကောင်စီက ဒီ FPV ဒရုန်းတွေကို ကရင်နီပြည်လောက်မှာပဲသုံးတာတွေ့ရပါတယ်။ ကျနော့်အမြင်တော့ ဒါဟာ ငွေကြေးအရ တွက်ခြေမကိုက်လို့ ဖြစ်ပါလိမ့်မယ်။ တွက်ခြေကိုက်ဖို့ဆိုရင် ဒီဒရုန်းတွေကို အမြောက်အမြား ထုတ်လုပ်ဖို့လိုပါတယ်။ ပြီးတော့ သေသေချာချာမောင်းနှင်နိုင်တဲ့သူတွေကိုလည်း သင်ကြားပေးရပါဦးမယ်။ ဒါပေမဲ့လည်း ဒီဒရုန်းတွေဟာ စစ်သား တယောက်၊ နှစ်ယောက်လောက်ကိုပဲ ခြောက်လှန့်သတ်ဖြတ်နိုင်မှာ ဖြစ်တဲ့အတွက် အရင်းအနှီးအရ ပြန်တွက်မယ်ဆိုရင် သိပ်မကိုက်လှပါဘူး။ နောင်တချိန်မှာတော့ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပေမယ့် အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ FPV ဒရုန်းတွေကို ယူကရိန်း စစ်မြေပြင်မှာလောက် ဖောဖောသီသီ မတွေ့ရသေးပါဘူး။”
မေး။ ။ စစ်ကောင်စီဟာ လေယာဉ်နဲ့တိုက်ခိုက်မှုတွေအစား ဒရုန်းတွေကို အစားထိုး အသုံးပြုလာတာဟာ နိုင်ငံတကာရဲ့ လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့ရေးလှုပ်ရှားမှုတွေကို ကျော်လွှားဖို့ ကြိုးစားနေတဲ့သဘောလား။
ဖြေ။ “လေယာဉ်ဆီက ဈေးကြီးပါတယ်။ ပြီးတော့ သယ်ယူပို့ဆောင်ရတာလည်း ခက်ပါတယ်။ ခုချိန်ထိတော့ စစ်တပ်ရဲ့ လေယာဉ်ဆီသယ်ကားတွေ တိုက်ခိုက်ဖောက်ခွဲခံရတဲ့ သတင်းမျိုးကို မတွေ့ရသေးပါဘူး။ ဒါပေမဲ့လည်း သီလဝါဆိပ်ကမ်းကနေ ဒေသအသီးသီးမှာရှိတဲ့ စစ်ဌာနချုပ်တွေဆီကို လေကြောင်း ကုန်းကြောင်းနဲ့ ဆီသယ်ပို့ရဦးမှာပါ။ ကျနော့်အမြင်ကတော့ (စစ်ကောင်စီအတွက်) လေယာဉ်ဆီနဲ့ပတ်သက်ရင် ကြုံရတဲ့အခက်အခဲက နိုင်ငံတကာရဲ့ အရေးယူမှုတွေ မဟုတ်ပါဘူး။ ဒီလိုပြောလို့ အရေးယူပိတ်ဆို့မှုတွေက အရာမရောက်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အရေးယူပိတ်ဆို့မှုတွေဟာ နိုင်ငံရေးအရအရေးကြီးသလို စစ်အာဏာရှင်တွေရဲ့ ဘဝကို ခက်ခဲအောင်လည်း လုပ်နိုင်စွမ်းရှိတယ်လို့ မြင်ပါတယ်။ လေယာဉ်တွေ ရဟတ်ယာဉ်တွေ သုံးစွဲမှုနဲ့ ပတ်သက်လာရင်တော့ လေယာဉ်ဆီ မရှိခြင်းက ပြဿနာမဟုတ်ပါဘူး။ ကျနော် ခုနက တွက်ဆခဲ့သလို လေယာဉ်အသုံးပြုမှုဟာ တန့်နေမှာဖြစ်ပြီး ကျသွားနိုင်ခြေ မရှိပါဘူး။ ဒါကလည်း လေယာဉ်ဆီရရှိမှု ကျမသွားတဲ့အတွက်ကြောင့်ပါ။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေယာဉ်ဆီသယ်ပို့ရာလမ်းကြောင်းတွေကို မဖြတ်တောက်နိုင်သရွေ့ လေယာဉ်ဆီရယူမှုကလည်း ကျသွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒရုန်းအသုံးပြုမှုဟာ အများကြီး ကုန်ကျစရိတ်သက်သာသလို ဗျူဟာမြောက် လျင်လျင်မြန်မြန် တုံ့ပြန်နိုင်စွမ်းလည်း ရှိပါတယ်။ တပ်ရင်းမှူးတွေအနေနဲ့ လေတပ်စခန်းတွေဆီ အကြောင်းကြားစရာမလိုဘဲ ဒရုန်းကို အသုံးပြုပြီး သူ့ဘာသာသူ ဖြေရှင်းနိုင်ပါတယ်။ အချုပ်ပြောရရင် စစ်တပ်အတွက် လေယာဉ်ဆီရယူဖို့ အခက်အခဲမရှိပေမဲ့ ဒရုန်းတွေ ပိုအသုံးပြုခြင်းအားဖြင့် လေယာဉ်ဆီ အသုံးစရိတ်ချွေတာနိုင်တာက အားသာချက်တခု ဖြစ်လာမှာပါ။”
မေး။ ။ ခုတလော အတွေ့များလာတဲ့ စစ်ကောင်စီရဲ့ စက်တပ်လေထီးတွေနဲ့ ပတ်သက်ပြီးတော့ရော ပြောပြပေးနိုင်မလား။
ဖြေ။ ။ “လွန်ခဲ့တဲ့လအနည်းငယ်ကစပြီး စစ်တပ်ဟာ မောင်းနှင်သူပါတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ဆင်ရေးလုပ်လာတာကို ခပ်စိတ်စိတ် တွေ့လာရပါတယ်။ ၂၀၂၅ ခုနှစ်အစပိုင်းကနေ စတင်ရေတွက်မယ်ဆိုရင် စုစုပေါင်းတိုက်ခိုက်မှု ၂၅ ခုလောက် ရှိပါတယ်။ ဒီဇင်ဘာလနှောင်းပိုင်းမှာ မိတ္ထီလာမြို့ပြင်က ရှမ်းတဲလေတပ်စခန်းကနေ စတင်ပျံသန်းခဲ့တာကို တွေ့ခဲ့ရပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်း အစရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အစောဆုံး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေအထိ ပျံ့နှံ့လာတာကို တွေ့ရပါတယ်။”
“စက်တပ်လေထီးတွေမှာ ကုန်ကျစရိတ် သက်သာတာ၊ ပြောင်းရွှေ့ရလွယ်ကူတာ၊ မောင်းနှင်ရလွယ်ကူခြင်း (၃ ယောက် မောင်းနှင်နိုင်)၊ အချိန်ကြာကြာ ပျံသန်းနိုင်တာ၊ တောင်ပံအရွယ်အစားပေါ် မူတည်ပြီး ၁၅ ကီလိုဂရမ်နဲ့အထက် ဝန်သယ်ဆောင်နိုင်တာ စတဲ့အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒရုန်းတွေလိုလည်း jammer နဲ့ စက်ချွတ်ယွင်းအောင် လုပ်လို့မရပါဘူး။”
“စက်တပ်လေထီးတွေကို မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် (UCAV) အဖြစ် ရုရှားနိုင်ငံမှာ စတင်အကောင်အထည်ဖော်နေတာ ၂၀၁၇ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဒရုန်းစစ်ဆင်ရေး ညွှန်ကြားမှုဦးစီးဌာနကနေ စက်တပ်လေထီးအစီအစဉ်ကို အကောင်အထည်ဖော်နေတာဟာ ရုရှား ရဲ့အကြံဉာဏ်နဲ့ နည်းပညာထောက်ပံ့မှု ပါမယ်လို့ ထင်ပါတယ်။ ဒီဦးစီးဌာနဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေး ဗျူရိုလက်အောက်မှာ ရှိပါတယ်။”
၂၀၂၄ ခုနှစ်မှာ ရုရှားဟာ အဆင့်မြှင့်တင်ထားတဲ့ Orlan-10E နဲ့ အရွယ်အစားပိုကြီးတဲ့ Orion-2 (Helios) ကင်းထောက်ဒရုန်းတွေကို စစ်ကောင်စီထံ ရောင်းချခဲ့ပါတယ်။ ဒရုန်းစစ်ဆင်ရေး ညွန်ကြားမှုဦးစီးဌာနရဲ့ First-Person View (လူက မြင်ကွင်းကိုကြည့်ပြီး ထိန်းချုပ်နိုင်တဲ့) အသေခံဒရုန်း အစီအစဉ်က သိပ်မတွင်ကျယ်သေးပါဘူး။ ဒီအစီအစဉ်ကို ရုရှားက ဘယ်လောက်ထိ ကူညီပေးနေသလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ ၂ နိုင်ငံ စစ်တပ်တွေရဲ့ ရင်းနှီးမှု၊ ရုရှားရဲ့ First-Person View ဒရုန်းတွေနဲ့ပတ်သက်ပြီး ယူကရိန်း စစ်မြေပြင်က ရခဲ့တဲ့ အတွေ့အကြုံတွေကို ထည့်သွင်းစဉ်းစားကြည့်မယ်ဆိုရင် ရုရှားအကူအညီ ပါကောင်းပါနိုင်ပါတယ်။”