
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ခဲ့တဲ့ ဓားပြတိုက်မှုနဲ့ ပတ်သက်လို့ ရဲတွေက ပြည်သူ့စစ်ဒုခေါင်းဆောင် မှန်ကြီး(ခ)ကောင်းမြတ်စံကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရဲတွေက ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီက ပြည်သူ့စစ်ဒုခေါင်းဆောင်မှန်ကြီး (ခ)ကောင်းမြတ်စံကို မဲကင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ မြို့ခံ တယောက်က ပြောပါတယ်။
"ဓားပြတိုက်မှုဖြစ်တဲ့နေ့ကတည်းက မြို့ခံတွေက ပြည်သူ့စစ်အဖွဲ့မှန်းသိတယ်။ အုပ်ချုပ်ရေး လည်းသိတယ်။ PDF ကိုလည်းလွှဲချလို့မရဘူး။ ပုသိမ်ကြီးမှာ သေနတ်ကိုင်တာဆိုလို့ ခလရ ၄ နဲ့ ပြည်သူ့စစ်ပဲရှိတယ် ဒါကြောင့်ခေါ်စစ်တာ။”
ပုသိမ်ကြီးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီဝန်းကျင်က ရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ ကားတစီးကို အမျိုးသား ၅ ယောက်က သေနတ်နဲ့ချိန်ကာ ရွှေထည် ၁၈ ကျပ်သားနဲ့ ငွေကျပ်သိန်း ၃၀ လုယက်သွားတဲ့အမှုကို ခေါ်ယူစစ်ဆေးတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"စစ်တပ်က သူခိုးဂျပိုးတွေကို သင်တန်းပေးပြီး လက်ထဲ သေနတ်ထည့်ပေးလိုက်တော့ ကြုံရင်ကြုံသလိုလုပ်တာ အခုလုယက်မှုက ပြည်သူ့စစ်အဖွဲ့က လုတာသိနေလို့ တိုင်းက စစ်ကြောရေးမှာ ခေါ်စစ်တာပြီးမှ နယ်မြေစခန်းကို ပြန်ပို့တာ "လို့ ပြောပါတယ်။
မဲကင်းကုန်းပြည်သူ့စစ်ဒုခေါင်းဆောင်ကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတာနဲ့ ပတ်သတ်ပြီး ပြည်သူ့စစ်အဖွဲ့နဲ့ တပ်ထောက်ခံသူတွေကြားမှာ ရဲတွေကိုဝေဖန်နေကြတာလည်းရှိပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၁ ရက် ည ၈ နာရီဝန်းကျင်က မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ နေအိမ်တအိမ်က အိမ်စီးကားနဲ့ iPhone လုယူခဲ့တဲ့ ပေါက်ကိုယ်တော်ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၇ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။