မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ မိုသည်းသည်းထန်ထန်ရွာတာနဲ့ တောင်ကျချောင်းရေကျတာကြောင့် ဆည်တော်ကြီးရေပေးမြောင်းမကြီးဘောင် အောက်တိုဘာ ၁၃ ရက် မနေ့က ကျိုးပေါက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်သစ်ကျေးရွာအုပ်စုနဲ့ အိုင်ကြီးကျေးရွာအုပ်စုကြားက ဆည်တော်ကြီး ရေပေးမြောင်းမကြီးဘောင်ဟာ မိုးရွာတာနဲ့ တောင်ကျရေကြောင့် မနေ့ မနက်အစောပိုင်းက တဖြည်းဖြည်းကျိုးပေါက်နေခဲ့တာဖြစ်ပြီး ညနေပိုင်းမှာတော့ လုံးဝ ကျိုးပေါက်သွားတာပါ။
တာဘောင်ကျိုးပေါက်သွားတာကြောင့် ပြည်ကြီးတံခွန်မြို့နယ်နဲ့ မန္တလေးအနီးအနား ဝန်းကျင်မှာ ရေဝင်ရောက်နေတယ်လို့ လူမှုကူညီရေးအသင်းဝင်တယောက်က ပြောပါတယ်။
“လက်သစ်နဲ့အိုင်ကြီးကြားမှာရှိတဲ့ တာဘောင်ကျိုးသွားတာပါ။ ပြန်လည်ပိတ်ဆို့နိုင်ဖို့ ကျနော်တို့အဖွဲ့တွေ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဆည်ဘောင်ကျိုးတဲ့ သက်ရောက်မှု အနေနဲ့ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးနဲ့ မန္တလေးအနီးအနားတော့ ရေဝင်ရောက်မှုရှိပါတယ်။ စိုးရိမ်စရာရှိ၊ မရှိဆိုတာ ပြောဖို့နည်းနည်းခက်ပါသေးတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ အဲဒီနေရာမှာ မန္တလေးတိုင်း၊ မီးသတ်ဦးစီးရုံးက အုပ်ချုပ်ရေးယာဉ် ၃ စီး၊ မီးသတ်ရေယာဉ် ၂ စီးနဲ့အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပရဟိတ အဖွဲ့ဝင်တွေက ဆည်ပြန်ပိတ်ဆို့နိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပုသိမ်ကြီးမြို့နယ်က ရပ်ကွက်တွေနဲ့ အုန်းချောကျေးရွာမှာ အောက်တိုဘာ ၁၃ ရက်နေ့က မိုးသည်းသည်းထန်ထန်ရွာတာနဲ့ နားဋောင်းကျချောင်းရေ ဝင်ရောက်လို့ လူ ၄၀၀ ကျော် ရေဘေးသင့်ခဲ့ပါတယ်။
ဆည်တော်ကြီးရေလှောင်တမံဟာ မတ္တရာမြို့နယ်မှာရှိပြီး အောက်တိုဘာ ၈ ရက်ကစလို့ ကန်ရေပြည့်မှတ်ရောက်ဖို့ ၂ ပေဝန်းကျင်ပဲလိုတာကြောင့် ရေပိုလွှဲတံခါး ၃ ပေါက်ကနေ ရေဖွင့်ထုတ်နေတယ်လို့လည်း သိရပါတယ်။