Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ကံ့ကော်ပင် ဆေးဖက်ဝင်
DVB
·
February 26, 2025

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကံ့ကော်ပင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ကံ့ကော်ပငကို သိပ္ပံလို Mesua ferrea လို့ခေါ်ပြီး အင်္ဂလိပ်လို  Ceylon ironwood, cobra saffron ခေါ်ပါတယ်။

ကံ့ကော်ပင်မှာ essential oil, fatty acid, oleoresin အစေ့မှာ Mammeisin, mesuaxanthofle-A,B၊ sitosterol၊ leucoanthocyanidin နဲ့ ferruol-A,B၊ coumarins၊ xanthones၊ pyranoxanthone၊ flavonoids၊ terpenoids နဲ့ steroids စတဲ့ ကျန်းမာ‌ရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပြီး ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အစာချေဖျက်ရာမှာ ကူညီပေးခြင်း၊ အလွန်အကျွံရေငတ်ခြင်းကို သက်သာစေခြင်း၊ ပူလောင်တဲ့ ဝေဒနာကို သက်သာစေခြင်း၊ အဖျားကျစေခြင်း၊ ရေယုန်အတွက် အထောက်အကူဖြစ်စေခြင်း၊ ဒဏ်ရာများကို ကျက်စေခြင်း၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ အော့အန်ခြင်းကို သက်သာစေခြင်း၊ ကြို့ထိုးခြင်းကို ထိန်းချုပ်ပေးခြင်း၊  ဆီးလမ်းကြောင်းကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ ဘက်တီးရီးယားဆန့်ကျင်ရေး၊ မှိုသတ်နိုင်စွမ်းနဲ့ အရေပြား ကျန်းမာရေးကို မြှင့်တင်ပေးခြင်းစတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ ကံ့ကော်ပင်ရဲ့ အပွင့်၊ အသီး၊ အရွက်၊ ပင်စည် နဲ့ အမြစ် တို့ကို သုံးစွဲကြပါတယ်။

အခေါက်နဲ့အစေ့မှ ရရှိတဲ့ အစေးကို နာကျင်မှုနဲ့ ရောင်ရမ်းမှုမှာ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

အစေ့များကို ထု‌ထောင်းပြီး နှင်းခူနဲ့ အရေပြားပေါက်ပြဲခြင်းအမျိုးမျိုးကို လိမ်းပေးနိုင်ပါတယ်။

ကင်းမြီးကောက်အဆိပ်အတွက် အမြစ်သွေးရည် တခါသောက် ကော်ဖီ ၁ ဇွန်း တနေ့ ၂-၃ကြိမ် တိုက်ပြီး အမြစ်သွေးရည်ကို ဒဏ်ရာတဝိုက်မှာ လိမ်းကျံပေးနိုင်ပါတယ်။

လည်ချောင်းနာခြင်းနဲ့ အစာအိမ်ရောင်ရမ်းခြင်းတို့အတွက် အမြစ်သွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အရွက်ဟာ ရောင်ရမ်းကိုက်ခဲခြင်းကို သက်သာစေတဲ့ အာနိသင်ရှိတာကြောင့် ခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်း နဲ့ ခြေဖဝါးပူလောင်ခြင်း ဝေဒနာများမှာ အရွက်သတ္တုရည်ကို လိမ်းကျံပေးနိုင်ပါတယ်။ ကြွက်သားများတင်းမာခြင်းကို လျှော့ချပေးပါတယ်။

မီးယပ်ဖြာဆင်းရောဂါအတွက် ကံ့ကော်ဝတ်ဆံမှုန့် ကော်ဖီ ၁ ဇွန်း တနေ့ ၂-၃ ကြိမ် နွားနို့နဲ့ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

ကံ့ကော်ပင်ဟာ ရောင်ရမ်းမှုကို လျော့ကျစေကာ နာကျင်မှုကို လျှော့ချပေးပြီး စအိုမှ သွေးထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တာကြောင့် လိပ်ခါင်းရောဂါမှာ အခေါက်မှုန့် ကော်ဖီဇွန်း ၂ ဇွန်း တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အင်ပျဉ် နဲ့ ယားယံခြင်း စတဲ့အရေပြားရောဂါများမှာ အခေါက်သွေးရည်ကို လိမ်းပေးနိုင်ပါတယ်။

ပန်းပွင့်မှာ ပိုးသတ်ဆေးအာနိသင် ပါဝင်တာကြောင့် အရေပြားထိခိုက်ရှနာကို လျှော့ချပေးပါတယ်။ ပန်းပွင့်ကို သနပ်ခါးနဲ့ လိမ်းပေးခြင်းဖြင့် မျက်နှာပေါ်ရှိ အမည်းစက်များကို ပျောက်ကင်းစေပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်။

အဆစ်အမြစ်ရောင်ရမ်းခြင်း ဝေဒနာများမှာ အစေ့ဆီကို လိမ်းဆေးလိမ်းပေးခြင်းက အမြန်သက်သာရာရစေပါတယ်။

ကံ့ကော်ပင်မှာ သွေးတိတ်ဆေးအာနိသင်တာကြောင့် ဓမ္မတာလာချိန်အတွင်း သွေးအလွန်အကျွံဆင်းခြင်းကို သက်သာစေပါတယ်။ ကံ့ကော်ဝတ်ဆံ အမှုန့် တခါသောက် ကော်ဖီဇွန်း ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကံ့ကော်ဆီကို ဦးရေပြားမှာ လိမ်းပေးခြင်းက ဆံပင်မွေးညင်းပေါက်များကို အားကောင်းစေပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဆံသားအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ထိန်းပေးပြီး ဆံပင်ကို တောက်ပြောင်စေပါတယ်။

ကံ့ကော်ပင်ဟာ ခန္ဓာကိုယ်မှ ချွဲသလိပ်များကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပြီး မလိုလားအပ်တဲ့ ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားပေးကာ ရောင်ရမ်းမှုကို ဆန့်ကျင်အာနိသင် ပါဝင်လို့ အဆုတ်ရောင်ခြင်း၊ နာတာရှည် ချောင်းဆိုးခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို လျှော့ချရာမှာလည်း အကျိုးပြုပါတယ်။ ပန်းနာရင်ကျပ်ရောဂါမှာ အခေါက်မှုန့် တခါသောက် ကော်ဖီဇွန်း ၁ ဇွန်း ကို တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကံ့ကော်ပွင့်ကို အသင့်အတင့် သုံးစွဲခြင်းဖြင့် ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံစားသုံးတာက တချို့မှာ ပျို့ခြင်း၊ အော့အန်ခြင်း၊ ရင်ပူခြင်း၊ ဗိုက်နာခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါဝေဒနာရှင်များမှာ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးပေါင်ကျဆေးများကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ကို ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်များ နဲ့ သားသမီးရယူလိုသူ မိခင်‌လောင်းများ ရှောင်ကြဉ်ပါ။ ကံ့ကော်ပွင့်နဲ့ ဓာတ်မတည့်သူများ ကံ့ကော်ပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။

နွေဦးပြည်သူများ ကံ့ကော်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024