
ကရင်အဆိုတော် စောအယ်စေးမူး သေဆုံးတာနဲ့ပတ်သက်လို့ အွန်လိုင်းပေါ်က သုံးသပ် ဝေဖန်တာတွေဟာ အမှုစုံစမ်းစစ်ဆေးတာအတွက် အနှောင့်အယှက်အများကြီးပေးပြီး သက်သေအထောက်အထားတွေ ဆုံးရှုံးနိုင်တာကြောင့် မလုပ်ကြဖို့ မေတ္တာရပ်ခံပြီး ဥပဒေကြောင်းအရ စုံစမ်းလို့ရလာတာတွေကို အများသိအောင် ထုတ်ပြန်ပေးမယ်လို့ သူ့ရဲ့ ညီမက ပြောပါတယ်။
စောအယ်စေးမူးမိသားစုက အများပြည်သူဆီကို အသိပေးကြေညာချက်ဆိုပြီး သူ့ရဲ့ညီမဖြစ်သူ နော်ဂေနေမူးက Karen Information Center –KIC ကတဆင့် ကြေညာပြောဆိုလာတာပါ။
“စောအယ်စေးမူးရဲ့ အမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ပြောပြလိုပါတယ်။ ထိုင်းနိုင်ငံရဲ့ဥပဒေအရ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော သေမှုသေခင်းတွင် မိမိဖာသာ အဆုံးစီရင်ခြင်းမဟုတ်ဘဲ တဦးဦးမှ လုပ်ကြံခြင်းကိုတွေ့ရှိပါက မိသားစုမှ အမှုပိတ်ခွင့်မရှိဘဲ ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ခြင်းကို ဆက်လက် ပြုလုပ်ရမှာဖြစ်ပါတယ်။
ယခုအချိန်မှာ အွန်လိုင်း(Online), Social Media စာမျက်နှာများမှ တင်နေကြသော သုံးသပ်မှု၊ ဝေဖန်မှုများသည် အမှုကိုစုံစမ်းစစ်ဆေးခြင်းအတွက် များစွာအနှောင့်အယှက်၊ အတားအဆီးများဖြစ်စေပြီး လိုအပ်သော သက်သေအထောက်အထား(Evidence)များ ဆုံးရှုံးနိုင်ပါသဖြင့် မိမိထင်မြင်ရာဖြင့် ရေးသားတင်ဆက်ခြင်း၊ Live လွှင့်ခြင်းနှင့် ဆင့်ကဲ ဖြန့်ဝေခြင်းများ မပြုလုပ်ကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါတယ်” လို့ ရေးသားပြောဆိုထားပါတယ်။
အမှုနဲ့ပတ်သက်ပြီး ကျန်ရစ်သူမိသားစုက ထိုင်းရှေ့နေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကစလို့ လိုက်ပါဆောင်ရွက်နေပြီး ဘန်ကောက်မြို့က ထိုင်းမှုခင်းရဲနဲ့ အလောင်းစစ်ဆေးတဲ့ ဆေးရုံကလည်း အချက်အလက်တွေကို ကျေနပ်လောက်အောင် ကူညီလုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
အမှုကို ဥပဒေကြောင်းအရ တရားဝင်စုံစမ်းစစ်ဆေးပြီးသွားတဲ့အခါ တွေ့ရှိချက်တွေကို အများပြည်သူ သိရှိစေဖို့ တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။
Galaxy Star Myanmar 2017 ပြိုင်ပွဲကနေ လူသိများလာတဲ့ အသက် ၃၀ အရွယ် ကရင်အဆိုတော် စောအယ်စေးမူးဟာ ဖေဖော်ဝါရီ ၈ ရက်က ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်က မဲဆောက်မြို့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။