Home
မြန်မာသတင်း
မြောက်ဥက္ကလာရဲတပ်ဖွဲ့ ‌လောင်းကစားလိုင်းကြေး သိန်းရာချီရရှိနေ
DVB
·
February 22, 2025

ရန်ကုန်၊ မရမ်းကုန်းခရိုင်ထဲက မြောက်ဥက္ကလာ စစ်ကောင်စီရဲတပ်ဖွဲ့ဟာ ၂ လုံး ၃ လုံး လောင်းကစားလိုင်းကြေးကနေ လတိုင်း ကျပ်သိန်းရာချီရရှိနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ဟာ ရပ်ကွက် ၁၇ ခုနဲ့ ဝေဘာဂီ၊ ရွှေပေါက်ကံစတဲ့ မြို့သစ်ရပ်ကွက် ၂ ခု ပါဝင်ပြီး လောင်းကစားဒိုင်ချုပ် ၅ ဦးထပ်မနည်းနဲ့ လက်ခွဲဒိုင်တွေကနေ အပိုင်နယ်ထိန်းတွေက ကောက်ယူရရှိနေတာ ဖြစ်ပါတယ်။

လောင်းကစားလိုင်းကြေး ကောက်ယူမှုမှာ တရားမဝင် ၃ လုံးထီကို တလကို ၂ ကြိမ်နှုန်းနဲ့ ဒိုင်ချုပ်တဦးဆီကနေ တကြိမ်  ၁၀ သိန်းရရှိသလို ၂လုံးထီကို တလကို ၄ ကြိမ်နှုန်းနဲ့ တပတ် ၃ သိန်းနှုန်း ရရှိနေကြတယ်လို့ မြောက်ဥက္ကလာရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“၃ လုံးက တလကို သိန်း ၂၀၊ ၂ လုံးက တပတ်ကို ၃ သိန်း။ ဒါက ခေါင်းတွေဆီကပဲ ရတာ။ အဲ့တာကို မြို့နယ်ကို ပေး။ ကော်စားတွေဆီကနေ ရတာကို နယ်ထိန်းတွေ ယူ။ အဲ့လိုမျိုး ပြန်ခွဲတာ။ တမြို့လုံးဆို ကော်စားက ၅၀၊ ၆၀ လောက်ရှိမယ်။ အချုပ်က ၅ ယောက်ပဲ ရှိတယ်။ ဒါတွေက မြို့နယ်မှူး မသိဘဲနဲ့ကို လုပ်လို့ မရပါဘူး။”

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ  ၂ လုံး ၃ လုံး ဒိုင်တွေ ပေါ်တင်ရောင်းချလာသလို ဆော့ကစားသူ ပိုများပြားလာခဲ့ပြီး ဃ ရပ်ကွက် မေဓာဝီဈေးဆိုင်ခန်းမှာ စည်ပင်ခွင့်ပြုချက်နဲ့ ရောင်းချနေသူတွေပါ ရှိလာတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“၂ လုံးက လောင်းကစားလို့ကို မမြင်တော့တာ။ ထမင်းစားရေသောက်လိုတောင် ဖြစ်နေပြီ။ ဘယ်သူမှလည်း မဖမ်းဘူး။ တိုင်တဲ့‌လူကိုတောင် ရန်ပြန်လုပ်ကြသေးတယ်။ မေဓာဝီဈေးမှာဆို ‌ဆိုင်ခန်းနဲ့တောင် ရောင်းတာ။”

အရပ်သားအစိုးလက်ထက် ပြည်ထောင်စုလွှတ်‌တော်မှာ၂၀၁၉ မေလ ၇ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ လောင်းကစားဥပဒေ ပုဒ်မ ၄နဲ့ ၅ အရ ပြည်သူပိုင်နေရာမှာ ဝရမ်းမလိုဘဲ ဖမ်းခွင့်ရှိသလို လောင်းကစားအိမ်မှာ လောင်းကစားနေကြောင်း သိရှိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့က ဒုရဲအုပ်အဆင့်ရှိသူနဲ့အတူ ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့က ဝရမ်းနဲ့ ဝင်ဖမ်းနိုင်တယ်လို့ တွေ့ရပါတယ်။

လက်တွေ့မှာတော့ ဒီဝရမ်းကို မြို့နယ်ထွေအုပ်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကသာ ထုတ်ပေးနိုင်နေပြီး လောင်းကစားလိုင်းကြေးယူထားတာကြောင့် ဖမ်းဆီးအရေးယူခြင်း မပြုဘဲ တရားဝင်နီးပါးဖွင့်ခွင့်ပေးထားလို့ လောင်းကစားလုပ်သူတွေ ပိုများပြားလာနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013