
ရာသီဥတု ပြောင်းလဲလာမှုရဲ့ သက်ရောက်မှုကြောင့် ကမ္ဘာ့ရေခဲမြစ်တွေ အရည်ပျော်မှုဟာ မှတ်တမ်းတင်နိုင်သမျှ သမိုင်းတလျှောက် အမြန်ဆုံးကာလကို ရောက်ရှိလာတယ်လို့ သိပ္ပံသုတေသနတခုက ဖော်ပြပါတယ်။
တောင်ပေါ်ရေခဲမြစ်တွေဟာ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် ရေချိုရင်းမြစ် ဖြစ်သလို အကုန်လုံးသာ အရည်ပျော်သွားရင် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်ကို ၁၃ လက်မအထိ မြင့်တက်စေနိုင်လောက်အောင် များပြားပါတယ်။
အခု ရာစုနှစ်ကို ပြောင်းပြီးကတည်းက ရေခဲမြစ်တွေဟာ သူတို့မှာရှိတဲ့ ရေခဲရဲ့ ၅ ရာခိုင်နှုန်းဖြစ်တဲ့ ၆,၅၀၀ ဘီလီယံတန်အထိ ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အရည်ပျော်တဲ့နှုန်းက တိုးလာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရေခဲမြစ်အရည်ပျော်နှုန်းဟာ ရှေ့ဆယ်စုနှစ်ဖြစ်တဲ့ ၂၀၀၀-၂၀၁၁ ကာလကထက် သုံးပုံတပုံ ပိုများခဲ့တယ်လို့ ဆိုပါတယ်။
အခုလေ့လာမှုဟာ ကမ္ဘာတလွှားမှာရှိတဲ့ သုတေသနအဖွဲ့ ၃၅ ခုပေါင်းပြီး ဒေသ ၂၃၀ မှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားတာကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် အခုသုတေသနဟာ ရေခဲမြစ်တွေနဲ့ ပတ်သက်လာရင် အပြည့်စုံဆုံး သိပ္ပံသုတေသနလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ရေခဲမြစ်တွေဟာ ရာသီဥတုပြောင်းလဲလာမှုကို ဖော်ပြနိုင်တဲ့ အကောင်းဆုံး အညွှန်းကိန်းတွေလည်း ဖြစ်ပါတယ်။
ရာသီဥတုတည်ငြိမ်ရင် နှင်းကျဆင်းမှုကြောင့် ရေခဲတိုးပွားတာနဲ့ အရည်ပျော်လို့ ဆုံးရှုံးရတဲ့ ပမာဏက အကြမ်းဖျင်းအားဖြင့် တူညီလေ့ရှိပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ရုပ်ကြွင်းလောင်စာသုံးစွဲမှု အပါအဝင် လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် အပူချိန် မြင့်မားလာတာနဲ့အတူ ရေခဲမြစ်တွေလည်း သိသိသာသာ ကျုံ့လာခဲ့ပါတယ်။
Source : Reuters