Home
မြန်မာသတင်း
တောင်သာရှိ ပျူစောထီးရွာ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး၊ လက်နက်များသိမ်းဆည်းမိ
DVB
·
February 20, 2025
Photo-PLA

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ပျူစောထီးကျေးရွာကို ဖေဖော်ဝါရီ ၁၉ ရက် မနက် ၆ နာရီ ဝန်းကျင်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အမှတ် ၈၁၅ တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ပျူစောထီးအဖွဲ့ဝင် ၂ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

PLA တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ထနောင်းကုန်း ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တောင်သာမြို့နယ်ထဲမှာဆိုရင် အဲဒီပျူရွာက အကြီးဆုံးလို့ ပြောလို့ရပါတယ်။ စစ်တပ်အထိုင်လည်း ရှိသလို လက်နက်ကောင်းတွေကိုလည်း တပ်ဆင်ပေးထားတယ်။ အင်အားလည်းများတယ်။ ဘန်ကာတွေကိုလည်း အခိုင်အမာ ဆောက်ထားတယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အနောက်မြောက်စစ်ဒေသ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အမှတ် ၈၁၅ တပ်ဖွဲ့နဲ့အတူ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ နေပြည်တော် ၇၀၄ Local တပ်ပေါင်းစု တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ညီညီက “အဲဒီပျူရွာကို တိုက်ခိုက်ဖို့ တလလောက် အချိန်ပေးပြီး ပြင်ဆင်ခဲ့ရတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ကျနော်တို့ ထင်ထားသလို မဟုတ်ဘဲနဲ့ ရန်သူ့စခန်းက အခိုင်အမာ ဆောက်ထားတယ်။ တိုက်ပွဲကြာချိန် ၁ နာရီခွဲခန့်လောက် ကြာပြီးမှ ရန်သူ့စခန်းက ဘန်ကာ ၃ လုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ဘန်ကာတွေထဲက အလောင်း ၂ လောင်းတွေ့တယ်။ လက်နက်တွေ သိမ်းနိုင်ခဲ့တယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က Mi35 ရဟတ်ယာဉ်နဲ့ နာရီဝက်နီးပါး လေကြောင်းပစ်ကူ ပေးခဲ့သလို တောင်သာမြို့ပေါ်ကနေ ခြေလျင်စစ်ကြောင်းတကြောင်းနဲ့ မြင်းခြံမြို့ဘက်ကနေလည်း စစ်ကား ၃ စီး မြေပြင်စစ်ကူတွေ ရောက်ရှိတဲ့အပြင် တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က ခဲယမ်းလုံလောက်မှု မရှိတဲ့အတွက် အဆိုပါ ပျူစောထီးကျေးရွာတခုလုံးကို မသိမ်းပိုက်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်းကနေ စစ်တပ်ထုတ် ကာဘိုင်သေနတ် ၂ လက်၊ KIA ထုတ် KA သေနတ် ၁ လက်၊ ပွိုင့် ၂၂ လက်လုပ် သေနတ်အတို ၂ လက်၊ MG 1 လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင်ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၁၀၅ တောင့်၊ ပွိုင့် ၂၂ ကျည် ၈ တောင့်၊ စစ်ဦးထုပ် ၂ လုံး၊ ဖုန်း ၃ လုံး၊ အင်ဗာတာအသေး ၁ လုံး၊ ငွေ ၁၅,၂၀၀ ကျပ်နဲ့ သေနတ်ပစ်ပြိုင်ပွဲဝင် ဆုတံဆိပ် ၆ ခုတို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013