Home
မြန်မာသတင်း
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသကို စစ်ရေးပစ်မှတ်ထား ဖျက်ဆီးနေသည့် စစ်ကောင်စီကို NUG သတိပေး
DVB
·
February 19, 2025

ယူနက်စကို အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသမှာ စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်ထားပြီး ဖျက်ဆီးနေတဲ့အပေါ် ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့က ဖေဖော်ဝါရီ  ၁၆ ရက်မှာ ထုတ်ပြန် ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသအတွင်းမှာရှိတဲ့ ဂျိုးကန်ရွာနဲ့ ကျောက်ပြင်ကန်ရွာကြားကို စစ်ကောင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် စစ်ကောင်စီက ပုဂံဒေသတွင်းက ရွာတွေကို အင်အားရာချီသုံးပြီး စစ်ကြောင်း ထိုးတာတွေနဲ့ ဒေသခံလူငယ်တွေကို ပေါ်တာဆွဲခဲ့တယ်လို့လည်း ဆိုပါတယ်။ 

မြန်မာနိုင်ငံဟာ “The Geneva Convention”နဲ့ “The Hague Convention” ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး စစ်ကောင်စီရဲ့ အခုလို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်တဲ့ ပုဂံဒေသမှာ စစ်ရေးပစ်မှတ်ထားပြီး ဖျက်ဆီးတာတွေဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ချိုးဖောက်ကျူးလွန် တိုက်ခိုက်ခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်နေရာကို တိုက်ခိုက်ခြင်းဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်သလို မြန်မာနိုင်ငံရဲ့ တည်ဆဲ ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၉(က) ကို ကျူးလွန်ခြင်းတို့ပဲ ဖြစ်တယ်လို့လည်း NUG က ဆိုပါတယ်။

အခုလို ကျူးလွန်နေတဲ့ စစ်ကောင်စီကို NUG အနေနဲ့ ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ နိုင်ငံတကာတရားရုံး၊ ပြည်တွင်းတရားရုံးတို့ကနေ အရေးယူနိုင်ဖို့ကို ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013