Home
မြန်မာသတင်း
ခရစ်ယာန်ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှု  စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးနေ
DVB
·
February 18, 2025

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ခရစ်ယာန်ဘုန်းတော်ကြီးသတ်ဖြတ်ခံခဲ့ရတဲ့အပေါ် စစ်ခုံရုံးတင် စစ်ဆေးမှာဖြစ်ပြီး အခုတော့ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မန္တလေးဂိုဏ်းချုပ်သာသနာက သက်တော် ၄၄ နှစ်အရွယ် ဖာသာရ်ဒေါနယ်မာတင်ဟာ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှာ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီလောက်က သတ်ဖြတ်ခံခဲ့ရတာပါ။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အများကြီး ဝမ်းနည်းစိတ်မကောင်းဖြစ်ရသလို သတ်ဖြတ်မှု ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရေးကိုလည်း အပူတပြင်း လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင်တပ်ရင်း ၅ နဲ့ တိုက်နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက သတင်းရတာနဲ့တပြိုင်တည်း ပူးပေါင်းပြီး သံသယတရားခံ ၁၀ ယောက်ကို နေ့တွင်းချင်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလော စုံစမ်းစစ်ဆေးချက်တွေအရ သံသယတရားခံတွေဟာ ဒေသကာကွယ်ရေး အဖွဲ့တဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တာကိုသိရပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်တာကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်ခုံရုံးတင်စစ်ဆေးပြီး တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်သလို လက်ရှိမှာတော့ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းပြီး စစ်ဆေးနေပြီလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့လုပ်ရပ်တွေကို ဘယ်အဖွဲ့ကလုပ်လုပ် ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကျူးလွန်သူတွေကိုလည်း ကျောသား ရင်သား မခွဲခြားဘဲ တရားဥပဒေနဲ့အညီ စစ်ဆေးဖော်ထုတ် အရေးယူသွားမယ်လို့ ကြေညာထားပါတယ်။

ဖာသာရ်ဒေါ်နယ်မာတင်ဟာ အဲဒီဒေသကို ရောက်ရှိတာဝန်ထမ်းဆောင်တာ ၂ နှစ်လောက် ရှိပြီဖြစ်ပြီး ဘုရားကျောင်းအတွင်းမှာပဲ လည်ကုပ်နဲ့ ရင်ဘတ်မှာ ဓားနဲ့ခုတ်ဖြတ်ခံရတာကြောင့် သေဆုံးခဲ့ရတာလို့ ရွှေဘိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က ပြောထားပါတယ်။

အဲဒီညမှာပဲ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကျေးရွာတော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်အပါအဝင် ၁၀ ယောက်ကို သေနတ် ၅ လက်၊ ဓားရှည် ၁ လက်တို့နဲ့အတူ ဖမ်းမိထားခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013