
ကိုရီးယားစစ်ပွဲအပြီးမှာ ကွဲကွာနေကြတဲ့ ၂ နိုင်ငံ မိသားစုတွေအကြား တွေ့ဆုံပွဲတွေ လက်ခံကျင်းပရာမှာ အသုံးပြုတဲ့ ဂွန်းမ်ဂန်းတောင် အပန်းဖြေစခန်းရှိ အဆောက်အအုံကို မြောက်ကိုရီးယားက ဖျက်သိမ်းလိုက်ကြောင်း တောင်ကိုရီးယားက ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောကြားခဲ့ပြီး ဒါဟာ ကိုရီးယား ၂ နိုင်ငံကြား အရှိန်တက်လာနေတဲ့ တင်းမာမှုရဲ့ နောက်ဆုံး လက္ခဏာလည်း ဖြစ်ပါတယ်။
ကိုရီးယား ၂ နိုင်ငံအကြားက အရေးကိစ္စတွေကို ကိုင်တွယ်စီမံဆောင်ရွက်တဲ့ ဆိုးလ်ရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကတော့ မြောက်ကိုရီယား နယ်စပ်အနီးမှာ လုပ်နေတဲ့ လုပ်ရပ်ကို ချက်ချင်းရပ်တန့်ဖို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကိုရီးယား ၂ နိုင်ငံကြား သဘောတူညီချက်အရ တည်ဆောက်ထားတဲ့ အဆောက်အအုံကို မြောက်ကိုရီးယားက တဖက်သတ် ဖျက်သိမ်းလိုက်တဲ့အတွက် အစိုးရက အကြီးအကျယ် စိတ်မကောင်းကြောင်းနဲ့ ပြန်လည်ပေါင်းစည်းရေးစင်တာကို ဖြိုချတာဟာ ကွဲကွာနေတဲ့ မိသားစုတွေရဲ့ ဆန္ဒကို နင်းချေတဲ့ လူသားချင်းစာနာထောက်ထားမှု ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်သလို ကျွန်ုပ်တို့ရဲ့ နိုင်ငံပိုင် ပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုလည်း ဖြစ်ပါတယ်လို့ တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေးဆိုင်ရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူးဗြုံးဆမ်းက ပြောပါတယ်။
အဲဒီလုပ်ရပ်အပေါ် တရားဥပဒေဆိုင်ရာ ဆောင်ရွက်မှုတွေကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းတုံ့ပြန် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ လတ်တလောနှစ်တွေမှာ သူ့ရဲ့ တောင်ပိုင်း အိမ်နီးချင်းနိုင်ငံအပေါ် ပြစ်တင်ပြောဆိုမှုတွေ ပြင်းထန်လာခဲ့ပြီး တောင်ကိုရီးယားကို “ရန်လိုတဲ့နိုင်ငံ” အဖြစ် သတ်မှတ်ခဲ့ပါတယ်။
Source : Reuters