
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ခံလိုက်ရတဲ့ ကလေးများက ဆရာမကို အံ့အားသင့်စွာ မော့ကြည့်လိုက်ပြီး ငေးမိမတတ် ဖြစ်နေရာက အသက်ပိုကြီးတဲ့ ကလေးက မင်္ဂလာပါလို့ တုံ့ပြန် နှုတ်ခွန်းဆက်လိုက်တာကို ကျန်ကလေးငယ်များက ခပ်သွက်သွက် သံယောင်လိုက် နှုတ်ခွန်းဆက်လိုက်ကြတယ်။ ထိုင်ရာမထ မော်ကြည့်နှုတ်ဆက်နေတဲ့ ကလေးတွေကို ဆရာမက ကရုဏာသက်စွာပဲ ပြုံးကြည့်ရင်း သင်ခန်းစာတွေကို ပြင်ဆင်နေချိန် အန်တီနောက်မှာ ထိုင်နေပေးဦးလေ ဆိုပြီး အဒေါ်ကို အားကိုးတကြီး တောင်းဆိုခဲ့ကြတာမို့ အဒေါ်ဖြစ်သူကလည်း ချစ်စနိုး ရယ်မောရင်း အနောက်က ခုံတန်းမှာ ထိုင်ပေးနေခဲ့တယ်။ ခါတိုင်း စာသင်ချိန်မှာ ငြင်းခုံ ရယ်မော ဆူညံနေတတ်တဲ့ စာသင်ခန်းငယ်ကလေးက စာသင်ခန်းရနံလေးနဲ့ သက်ဝင်လာခဲ့တယ်။
ကိုဗစ်ကာလမှာ ကျောင်းနေအရွယ် ရောက်နေခဲ့တဲ့ ကလေးတွေ ကျောင်းတက်ဖူးတဲ့ ကလေးတွေပေါ့။ ကျောင်းမတက်ခဲ့ဖူးတဲ့ ကလေးတွေက မင်္ဂလာပါ နှုတ်ခွန်းဆက်သခြင်းကို စိမ်းသက်နေခဲ့တာပါ။ Grade 1 ကို သုံးကြိမ်၊ လေးကြိမ်မြောက် တက်နေခဲ့ရတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေ။ ၁၃ နှစ်ပြည့်တော့မယ့် ကလေးလည်း ပါတယ်။ လေယာဥ်သံ၊ လက်နက်ကြီးသံ ကြားရရင် ကျောပိုးအိတ်လေးတွေနဲ့ ပြေးပုန်းနေရာယူဖို့ သင်ယူ အဆင်သင့် ဖြစ်နေတတ်သူတွေ ဖြစ်တယ်။
လေသံအေးအေးလေးနဲ့ စာသင်ပေးနေတဲ့ ဆရာမကို အံ့သြတကြီး ခိုးငေးရင်း ၄ သုညလီ ၈ တွေ ရေးမိလို ရေးမိနဲ့ အစိုးရကျောင်းက ဆရာမနဲ့ ပထမဆုံးစာသင်ဖူးတဲ့ ညနေကို ကျော်ဖြတ်ခဲ့ကြလေတယ်။
၂၀၂၁ ခုနှစ်ကတည်းက ကချင်ပြည်နယ် အစပ်မြို့လေးကို ရှောင်တိမ်းလာတဲ့ မိသားစုတွေရဲ့ ရင်သွေးငယ်တွေ။ ၂၀၂၅ ရောက်တော့ နေရပ်ပြန်ဖို့ မိဘတွေက ပြင်ဆင်နေကြသလို သူတို့လေးတွေကလည်း NUG ကျောင်းတွေရှိတဲ့ နေရပ်မှာ အသက်နဲ့ အတန်းညှိပေးရင် အနီးစပ်ဆုံး တက်လို့ ရနိုင်မယ့်အတန်းက စာတွေ ဖြေဆိုရမယ်ဆိုရင်အတွက် အားကြိုးမာန်တက် ကြိုးစားပြင်ဆင်နေကြတာပါ။ တနှစ် စောပြန်သွားတဲ့ သူတို့ထက်ငယ်တဲ့ သူငယ်ချင်းတွေ ၃ တန်း တက်ခွင့်ရတယ်ဆိုတော့ သူတို့က လေးတန်းတက်ခွင့်ရဖို့ မျှော်လင့်ကြတာပေါ့။
မပြောပြရက်ပေမဲ့ သူတို့ ခုတက်နေတဲ့ ၂ တန်းဆိုတာ Grade 1 ပဲ ဆိုတာ သိလိုက်ရတော့ မျက်နှာညှိုးငယ်သွားလိုက်ကြတာ မြင်ရက်စရာ မရှိ။ ရှောင်လာတဲ့ မြို့လေးမှာရှိနေတဲ့ ဖွင့်ပေးတဲ့ အသင်းတော်အခြေပြုကျောင်းမှာလည်း Grade 1 အထိပဲရှိသေးတော့ ဖြေခဲ့ပြီးသားအတန်းကို ခိုလှုံနေတဲ့တလျှောက် ထပ်တက်နေရတာ ၄ နှစ်။ အဝတ်တထည် ကိုယ်တခုနဲ့ စစ်ဘေးရှောင်ခဲ့တာ ဆိုတော့လည်း camp ထဲကနေ ဝင်ထွက်သွားလာဖို့ ခက်ခဲပြီး ကျောင်းဆက်မတက်နိုင်ခဲ့တာလည်း ပါတာပေါ့။ ခိုလှုံနေရတဲ့ ဘုရားကျောင်းက အကောင်အထည်ဖော်နေတဲ့ အသင်းတော် အခြေပြုကျောင်းမှာပဲ ကျောင်းသားကြီးတွေအဖြစ် ထပ်တက်စရာကလွဲလို့ ရွေးချယ်စရာမရှိခဲ့။
အဲဒီလိုပဲ အဲဒီမြို့က ဘုန်းတော်ကြီး စီစဥ်ထားတဲ့ ကျောင်းမှာ ပညာသင်ယူနေတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တယောက်ကလည်း အစိုးရကျောင်းမှာ သင်တဲ့စာနဲ့ သူတို့ သင်တဲ့စာ တူ၊ မတူ မသိဘူး။ Grade ဘယ်လောက်လဲဆိုတာလည်း သူ မသိ။ CDM မိဘတွေရဲ့ ကလေးတွေလည်း အဲဒီကျောင်းမှာပဲ တက်ကြတော့ အစိုးရကျောင်းမှာ တက်တာနဲ့ တူ၊ မတူ သူတို့ ဘယ်တုန်းကမှ မသိခဲ့။
တော်လှန်ရေးတပ်သားတွေ သိမ်းပိုက်ထားတဲ့ နေရာတွေက အစိုးရကျောင်းတွေ ပိတ်သွားသလို NUG က ဖွင့်ထားတဲ့ ကျောင်းတွေကို လက်လှမ်းမမီတဲ့ ကလေးတွေက နီးစပ်တဲ့ ခရိုင်မြို့လေးကို ပြုံပြီးရောက်သွားကြတာ။ Non CDM ပညာရေးဝန်ထမ်းတွေကလည်း တော်လှန်ရေးတပ်ဘက်က CDM ဝင်ဖို့ ဖိအားပေးခံရတော့ ရွာတွေ၊ ကျောင်းတွေကို စွန့်ပြီး ခရိုင်မြို့လေးမှာပဲ စုပြုံတွဲလိုက်ကြရော။ စစ်ဖြစ်တဲ့ ပတ်ဝန်းကျင်မြို့တွေက ကလေးတွေရော အဲဒီခရိုင်မြို့မှာပဲ ရောက်လာကြတော့ မြို့ပေါ်ကျောင်းတွေမှာ ကျောင်းသားဦးရေ အဆပြွတ်သိပ်ခွဲတက်ရတဲ့ ကျောင်းရှိလာတဲ့အပြင် ထိရောက်စွာ သင်ယူဖို့ မလွယ်ကူတဲ့ အနေအထားမှာရှိနေခဲ့တယ်။
ဆိုးဆိုးဝါးဝါးဖြစ်ရပ်က Non CDM ပညာရေးဝန်ထမ်းတွေက ကချင်ကလေးတွေကို နင်တို့ KIA တွေက… နင်တို့ KIA အမျိုး စသဖြင့် ကလေးတွေကို ဆူပူမာန်မဲနေသူတွေ ပါတော့ ကလေးတွေက စာမေးပွဲခုံမှာ သွားထိုင်၊ နောက်တနှစ်ပြောင်း။ အဲဒီဆရာနဲ့ လွတ်ဆိုတဲ့ ပုံစံနဲ့ ကျောင်းတက်ဖို့ ပြောမရတဲ့ ကလေးတွေ တစုဖြစ်လာခဲ့တယ်။ မိဘမစုံ ငွေကြေးမချောင်လည်တဲ့ တောင်သူမိဘရဲ့ ကလေးတွေက ကျောင်းမတက်တော့တာ၊ ကျောင်းထွက်သွားတာတွေ ရှိလာခဲ့တယ်။
နေ့ချင်းပြန် ကျောင်းတက်တဲ့ ရွာတွေက ကလေးတွေကို ရွာသုံးဘီးနဲ့ ကျောင်းချိန်တွင်း လာကြိုသွားချိန်မျိုးဆိုရင် မြို့ပေါ်က လူတွေ ထိတ်လန့်နေရပြီ။ လမ်းပိုင်းအခြေအနေမှာ စစ်ကြောင်းထိုးတာ၊ စစ်ရေးလှုပ်ရှားတာမျိုးရှိရင်လည်း ကျောင်းမလာနိုင်ကြတော့ဘူး။ တကြိမ်တလေမှာ စစ်ကောင်စီစစ်သားတွေ ရောက်လာပြီး ဘုန်းကြီးကျောင်းထဲ ထည့်ပိတ်ထားလိုက်ရင် ကျောင်းသားကလေးတွေ ကျောင်းတွေဆီ မရောက်နိုင်တော့ဘူး။ အဲဒီလိုပဲ ရွာတွေဘက်က ကလေးတွေရဲ့ ကျောင်းတက်ခြင်း၊ မတက်ခြင်း ကျောင်းကြို ပုံမှန်ဖြစ်၊ မဖြစ်က မြို့က လူတွေရဲ့ အေးလုလုသွေးတွေကို အပူပေးနိုင်ခဲ့တယ်။ ကလေးတွေကတော့ ကျောင်းတက်တယ် အမည်ခံပြီး နပ်မှန်အောင် မတက်ရကြ။ တော်လှန်ရေးတပ်တွေဘက်ကလည်း အစိုးရကျောင်းတက်တဲ့ ကလေးတွေရဲ့ မိဘတွေကို ခေါ်ပြီး ဒဏ်ရိုက်တာမျိုးလည်း လုပ်တာတွေ ရှိလာပြန်တော့ ကလေးတွေခမျာ လာခေါ်ရင် ပြန်သွားလိုက်။ အခြေအနေကြည့်ပြီး ပြန်တက်နဲ့။ စာကွင်းဆက်က မမိတော့ဘူး။
ဒါတင်မက တချို့ကလေးတွေကျ တော်လှန်ရေးတပ်သားတွေ မြို့သိမ်းမယ်ဆိုတဲ့ သတင်းရလိုက်၊ မိဘတွေက ခေါ်ပြေးလိုက်နဲ့။ တက်လက်စ အတန်းတွေ တန့်သွားရတာမျိုး။ ဘာမှမဖြစ်ဘူး ကြားလိုက်။ တခြားမြို့ကနေ ပြန်လာလိုက်နဲ့။ ကလေးတွေရဲ့ ပညာရေးက လှိုင်းပုတ်လိုက်တဲ့ လှေကလေးတွေလို ကမ်းနဲ့ နီးလာလိုက်။ ဝေးသွားလိုက် အနေအထား။
ငွေကြေးတတ်နိုင်တဲ့ မိဘရဲ့ သားသမီးတွေကျ မန္တလေးကျောင်းအပ်ထား။ ဆရာ အိမ်ခေါ်သင် စာမေးပွဲဖြေခါနီးမှ မန္တလေး သွားဖြေကြတယ်။ အဲဒီလိုနဲ့ ကျောင်းဆိုတဲ့နေရာက ဘယ်လို လည်ပတ်တယ်ဆိုတာ မသိကြတော့ဘူး။ တချို့ကလေးတွေကျ ကျောင်းဆိုတာကို လက်လှမ်းမမီတော့ဘူး။ စစ်မဖြစ်တဲ့ မြို့တွေက ကလေးတွေ အေးအေးလူလူ ပညာသင်နေရတယ် ဆိုတာလည်း သူတို့ မသိ။ အသင်းတော်အခြေပြုကျောင်းတွေ NUG ကျောင်းတွေ ဘုန်းတော်ကြီး သင်ပေးတဲ့ ကျောင်းတွေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ တက်ပြီးရင် ဘယ်တက္ကသိုလ် ဆက်တက်ရမယ်လည်း သူတို့ မသိသလို မိဘတွေကိုယ်တိုင်ကလည်း မသိသူ မသိ။
အသင်းတော်အခြေပြုကျောင်းတွေ ကိုယ်ထူကိုယ်ထ အမျိုးသားကျောင်းတွေ ဆိုတာကလည်း ကြားကာလပညာရေးလေဟာနယ်ရဲ့ ပြယုဂ်တွေ။ သီလရှင်လေးတွေလည်း အစိုးရကျောင်း ဆင်းချိန်မှာ လွယ်အိတ်လေးတွေနဲ့ အတူတူကျောင်းဆင်းလာကြသလို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတက်ဖို့ သီလရှင် ဝတ်ရ။ ကိုရင်ဝတ်ရ။ ဒါကလည်း ကလေးတွေ ဆန္ဒပါရဲ့လား မိဘတွေ မဆန်းစစ်နိုင်တော့ဘူး။ ပညာသင်ရဖို့ အဓိကဖြစ်နေတော့ ကလေးတွေကလည်း နာခံရတာပါပဲ။ NUG ရဲ့ online ကနေ ပို့ချတာကို လက်လှမ်းမီလို့ တက်နေကြတဲ့ ကလေးတွေကလည်း ဖုန်းလိုင်း အင်တာနက်လိုင်း ဖြတ်ပစ်ခံရတော့ မြို့လေးက ခိုးကြောင်ခိုးဝှက် သင်ယူနေရတဲ့ CDM ကျောင်းသားတွေ သင်ယူမှု ရပ်ဆိုင်းကုန်ရော။ ဒီကာလမှာ စစ်မြေပြင် ဖြစ်လာမယ့်ဆဲဆဲ ကမ်းပါးစွန်းက ဒီမြို့ငယ်လေးထဲမှာ ခိုလှုံလို့ရသရွေ့ ခိုလှုံနေဆဲ CDM ကျောင်းသား မိဘတွေ ပညာရေး အငတ်ဘေးသင့်နေတဲ့ အားလုံးရဲ့ မျှော်လင့်ချက်က NUG အစိုးရ တရားဝင်တက်လာပြီး ပညာကောင်းကောင်းသင်ယူနိုင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်ပဲ ဆိုတာတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။ အထူးသဖြင့် ကိုဗစ်ကပ်ဘေးကနေ ပညာရေး အငတ်ဘေးသင့်ခဲ့ရတဲ့ ၁၀ နှစ်အောက် ကလေးတွေ ဆယ်ကျော်သက်ကလေးတွေအနေနဲ့ကတော့ အစိုးရကျောင်းကနေ ကျောင်းစိမ်းအင်္ကျီဖြူနဲ့ ကျောင်းဆင်းလာချိန်လေးကို မြင်ယောင်နေကြတယ် ဆိုတာပါပဲ။
Di Seng