Home
မြန်မာသတင်း
ကရင်ပြည်နယ်ရှိ ကြားကာလပြည်သူ့အခြေပြုပညာရေးကျောင်းများအတွက် စာအုပ်များလှူဒါန်း
DVB
·
April 10, 2023
340534163_604983521509071_8330825097418349139_n

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကြားကာလ ပြည်သူ့အခြေပြုပညာရေးကျောင်းတွေအတွက် ကျောင်းသင်ရိုးညွှန်းတန်း (ကျောင်းသုံး) စာအုပ်တွေကို ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီနဲ့ ကျောင်းသားများသမဂ္ဂတို့က ဧပြီ ၉ ရက်မှာ  သွားရောက်လှူဒါန်းခဲ့ပါတယ်။

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီနဲ့ ကျောင်းသားများသမဂ္ဂ တို့ကိုယ်စား ရဲဘောမြဖြိုးကိုက သွားရောက်လှူဒါန်းပေးခဲ့တာပါ။ 

လှူဒါန်းခဲ့တာနဲ့ပတ်သက်ပြီး WYTU ယာယီတက္ကသိုလ်ကောင်စီမှ တာဝန်ရှိသူ မခင်ဦးသန္တာက "ဖွင့်ထားတဲ့ကျောင်းက KG ကနေ G11၊ ကျောင်းသားဦးရေ ၃၀၀ နီးပါးရှိတယ်။ ထောက်ပံ့မှုကတော့ ကျောင်းသုံးပြဋ္ဌာန်းဘာသာစုံစာအုပ်တွေကို KG ကျောင်းသား ၁၀၀ ယောက် အတွက် လှူဒါန်းပေးခဲ့တာပါ" လို့ ပြောပါတယ်။

တော်လှန်ရေးခရီးအတွင်း ကျောင်းသားလူငယ်တွေ ပညာသင်ယူမှုအခွင့်အရေးကို မဆုံးရှုံးစေဖို့နဲ့ ပညာသင်ယူလိုစိတ် မပျောက်စေဖို့အတွက် ပညာရေးနဲ့သက်ဆိုင်တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းလှူဒါန်းပေးတာလို့ မခင်ဦးသန္တာက ပြောပါတယ်။ 

"တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လူငယ်တွေရဲ့ ပညာသင်ယူနိုင်ရန် အခွင့်အလမ်းမဆုံးရှုံးစေရန်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေနှင့် Home Based Learning Plan (နေအိမ်သင်ပညာရေး) တို့ကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂကလည်း ပညာသင်ယူနေသော ကျောင်းသားများအတွက် စိတ်အလုံခြုံမှုပေးနိုင်ဖို့ များစွာရရှိဖို့နဲ့ ကြားကာလ ပြည်သူ့အခြေပြုပညာရေးကျောင်းများကို ပညာရေးနဲ့ ပတ်သတ်ဆက်နွှယ်တဲ့ လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်ရန်အတွက် အထောက်အပံ့များလည်း လိုအပ်နေတယ်။" 

စစ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်းမှာ မြန်မာနိုင်ငံတဝန်းက ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်တွေပျက်သုဥ်းခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်ကလည်း ကရင်ပြည်နယ်က ကျေးရွာတရွာမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်အထက်တန်းကျောင်းနဲ့ ကျေးရွာစာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ စာပေချစ်မြတ်နိုးသူများနဲ့ MAEUSU LIBRARY တို့က  ပူးပေါင်းကာ စာကြည့်တိုက်အတွက် စာပေနဲ့ စာရေးကိရိယာတွေကို သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024