
တနင်္သာရီ-မောတောင် ကားလမ်းမကြီးကို တိုက်ပွဲတွေကြောင့် ပိတ်ထားတာ တလကျော် ကြာသွားတာကြောင့် ကုန်စည်တွေစီးဆင်းမှု နည်းလာပြီး တချို့ ပြတ်လပ်နေတယ်လို့ မောတောင်မြို့ခံတွေဆီက သိရပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မောတောင်မြို့ဟာ ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်စည်တွေကို မြိတ်မြို့ကနေတဆင့် မှာယူရောင်းချနေတာ ပိုများတယ်လို့ သိရပြီး တိုက်ပွဲကြောင့် မြိတ်ဘက်ကနေ ကုန်ကားတွေတက်လာလို့ မရတော့တဲ့အတွက် ကုန်စည်တွေ ပြတ်လပ်ကုန်တာ ဖြစ်တယ်လို့ မြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“တချို့ပစ္စည်းတွေဆို ပြတ်လပ်သွားတာမျိုးတွေတောင် ရှိတယ်။ ဒီဘက်မှာရောင်းတဲ့ ကုန်တွေကို မြိတ်က မှာယူကြတာ များတယ်လေ။ စပိတ်တုန်းကဆိုရင် ကုန်စုံဆိုင်တွေလည်း ပိတ်လိုက်ကြတယ်။ ဆန်တွေစျေးတက်တာ၊ ဆီတွေ မရောင်းတော့တာပါ၊ တော်တော် အခြေအနေဆိုးတယ်။ အခုတော့ အဆက်အသွယ်ရှိတဲ့လူတွေက ထိုင်းထဲကဝယ်ပြီး ပြန်ရောင်းနေကြတော့ ဝယ်စားလို့ရနေပြီ။ စျေးတော့ နည်းနည်းပိုပေးရတာပေါ့လေ။”
ကုန်စည်ပြတ်လပ်တဲ့အတွက် ဆန်ဈေးတွေ တက်လာပြီးတော့ စားသုံးဆီတွေဆိုရင် ဆိုင်မှာရောင်းချဖို့ မရှိကြတော့တဲ့အထိ ကုန်စည်ပြတ်လပ်မှု အခြေအနေမျိုးကို ကြုံတွေ့ရတယ်လို့ ပြောပါတယ်။
နယ်စပ်မြို့ဖြစ်တဲ့အတွက် မောတောင်ဒေသခံ ပြည်သူတချို့မှာ စားသုံးကုန်တွေကို ထိုင်းနိုင်ငံကနေတဆင့် တရားမဝင်လမ်းကြောင်းကနေ ဝယ်ယူနေရပြီး ရောင်းချနေတဲ့အတွက် ကုန်စည်ပြတ်လပ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်နေတယ်လို့ ဒေသခံက ပြောပါတယ်။
တိုက်ပွဲကြောင့် ပိတ်ထားတဲ့ တနင်္သာရီ-မောတောင် ကားလမ်းပိုင်းဟာ အရင်နှစ် ဒီဇင်ဘာ ၁၈ ရက်ကစပြီး စစ်ကောင်စီနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ကြား ထိတွေ့မှုဖြစ်ကြပြီး စစ်ရေးပြင်းထန်လာတာကြောင့် ကုန်ကားတွေ ဖြတ်သန်းသွားလာခွင့် မရတော့တာ ဖြစ်တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။