
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာအနီး တလကျော်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ဥယျာဥ်ခြံအများအပြား ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါတောမီးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပတ်လောက်တုန်းက စစ်ကောင်စီဘက်က ဆင်ထိုးကြီးကျေးရွာဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စတင်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဆင်ထိုးရွာခံတယောက်က “စကစဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးက တောထဲမှာ သွားကျတယ်။ ကျောက်တောင်ရွာက မီးသတ်ကားတွေနဲ့ ဥယျာဥ်ခြံပိုင်ရှင်တွေက မီးငြှိမ်းဖို့ သွားပေမဲ့ မီးလောင်တဲ့နေရာက မိုင်းကွင်းဖြစ်နေတယ်။ ဘယ်သူမှ မငြှိမ်းသတ်ရဲဘဲ အားလုံး ဆုံးရှုံးခံလိုက်ရတယ်” လို့ ပြောပါတယ်။
အဆိုပါမီးလောင်မှုကြောင့် ဥယျာဥ်ခြံပိုင်ရှင်တွေရဲ့ သီဟိုပင်၊ ကွမ်းသီးပင်၊ ဒူးရင်းပင်၊ ကြက်မောက်ပင်နဲ့ အစေးမလှီးရသေးတဲ့ ရာဘာပင်တို့ ဧကထောင်ချီပြီး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “စုစုပေါင်း ဧက ၂၀ လောက်ရှိတဲ့ ဒူးရင်းခြံနှစ်ခြံလည်း မီးထဲပါသွားတယ်။ ဒူးရင်ပင်အရေအတွက် ၁,၀၀၀ ဝန်းကျင်ရှိတယ်။ ဆုံးရှုံးမှုတန်ဖိုးက သိန်းထောင်ချီရှိတယ်။ တခြားဥယျာဥ်ခြံတွေရဲ့ ဆုံးရှုံးတာတွေရော အများကြီးပဲ” လို့ ပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ အဆိုပါတောမီးဟာ ဆင်ထိုးရွာရဲ့ အရှေ့ဘက် သဘာဝသစ်တောတွေဘက်ကို ရွေ့သွားပြီး မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းမှာ တိုင်းဗဟို ၁၂ ရှိတဲ့ ပလောက်မြို့နဲ့ ဆင်ထိုးကြီးရွာကြားက ဘုရင်တောင်ရွာတဝိုက်မှာ စစ်ကောင်စီနဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင့် ဆင်ထိုးကြီးရွာက အိမ်ခြေ ၃၀၀ ကျော် စစ်ရှောင်ခဲ့ရတယ်လို့ သိရပါတယ်။