Home
မြန်မာသတင်း
မောင်တောဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်နေရ
DVB
·
February 4, 2025

စစ်ဘေးရှောင်နေရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ဒေသခံတွေဟာ မိမိနေရပ်တွေမှာ ပြန်လည်နေထိုင်နေကြပေမဲ့လည်း စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကစပြီး မောင်တောမြို့က စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေကလည်း မြို့ထဲကို ပြန်ဝင်ခွင့်ရရှိခဲ့တာပါ။

ဒါပေမဲ့လည်း စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေရဆဲဖြစ်တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က မောင်တောမြို့နယ်၊ ရွှေဇားဂုံးနား(မွတ်ဆလင်)ကျေးရွာမှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တယောက် နေအိမ်အတွင်းမှာပဲ မိုင်းနင်းမိပြီး ခြေထောက်တဖက် ဆုံးရှုံးသွားခဲ့ပါတယ်။

ဇန်နဝါရီ ၁၅ ရက်ကလည်း မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှာ အသက် ၂၁ နှစ်အရွယ် မနေဇာခိုင် ဟင်းရှာသွားတုန်းမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်း နင်းမိပြီး ခြေထောက်တဖက် ပြတ်ထွက်သွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။ ဒါကြောင့် မောင်တောဒေသခံတွေ ကြားမှာ မိုင်းအန္တရာယ် စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။

မောင်တောဒေသခံတယောက်က “ဒေသခံတွေကြားမှာ မိုင်းအန္တရာယ် စိုးရိမ်တာတော့ ရှိတာပေါ့နော်။ တိုက်ပွဲဖြစ်ထားတဲ့ နေရာဆိုတော့ ဘယ်နေရာတွေမှာ ရှိနိုင်လဲဆိုတာ အတိအကျ မသိနိုင်ဘူးလေ။ မြို့ထဲမှာတော့ တိုက်ပွဲဖြစ်ထားတဲ့ နေရာတွေမှာ မိုင်းရှင်းလင်း‌ရေးတွေ လုပ်ထားတာတော့ ရှိပါတယ်။ မလုပ်ရသေးတဲ့ နေရာတွေမှာတော့ ကန့်သတ်ထားတဲ့ နေရာတွေရှိတယ်။ အဲဒီနေရာတွေကို မသွားဖို့ ပြောထားတာတော့ ရှိတယ်။ လုံးဝမသွားရတဲ့နေရာတော့ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ တနေ့လုပ် တနေ့ရှာစားနေတဲ့သူတွေ အတွက်တော့ ပိုပြီး အန္တရာယ်ဖြစ်စေတာပေါ့နော်။ တ‌နေ့စာ ရှာစားပြီး သွားလာနေရတဲ့သူတွေအတွက် စိုးရိမ်တာပေါ့နော်” လို့ ပြောပါတယ်။

မောင်တောဒေသခံတွေကို မြို့ထဲပြန်ဝင်ခွင့်ပြုပြီးနောက် ဇန်နဝါရီ ၂ ရက်ကစပြီး AA က မောင်တောမြို့၊ နခခ ၅ ရဲ့ ခြံစည်းရိုးအပြင်ဘက် မြို့အဝင်လမ်းမကြီးတလျှောက်မှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မိုင်းအလုံးရေပေါင်း ၁၀၀ ကျော် ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေ ကျန်ရှိနေနိုင်သေးတာကြောင့် အာရက္ခတပ်တော်ရဲ့ မိုင်းအသိပညာပေး လုပ်ဆောင်ချက်တွေကို လိုက်နာကြဖို့နဲ့ မပေါ့ဆကြဖို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

“အာရက္ခတပ်တော်ဘက်ကလည်း မိုင်းရှင်းလင်းရေးလုပ်တာတွေ ရှိပါတယ်။ အသိပညာ ပေးတာတွေ ရှိပါတယ်။ တဖက်မှာလည်း မသွားရဆိုပြီးတော့ ကန့်သတ်ထားတဲ့ နေရာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်သေးပါဘူး။ အာရက္ခတပ်တော်ဘက်က မြေမြှပ်မိုင်းရှင်းလင်းတယ် ဆိုပေမဲ့ စက်ပစ္စည်း၊ စက်ယန္တရားတွေနဲ့ စနစ်တကျရှင်းလင်းထားတာ မဟုတ်တဲ့အတွက်ကြောင့် စစ်ကျန်လက်နက်တွေကတော့ ကျန်နေဦးမှာဆိုတာ သေချာပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မပေါ့ဆဘဲ အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်အတိုင်း သေချာလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။”

မောင်တောမြို့ကို ဝင်ရောက်နိုင်တဲ့ နေရာတွေ၊ လမ်းတံတားတွေနဲ့ စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့တဲ့ မောင်တောမြို့တွင်း နေရာတွေမှာ စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းတွေ ထောင်ထားတာကို တွေ့ရှိရတယ်လို့ AA က ဆိုပါတယ်။

မောင်တောမြို့ နခခ ၅ စခန်းသိမ်းတိုက်ပွဲအတွင်းမှာလည်း မိုင်းအလုံးရေပေါင်း ၁,၀၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။ 

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013