
ယူကရိန်းစစ်ပွဲအတွက် ထောက်ပံ့ပေးထားတာတွေအတွက် အဖိုးစားနားအဖြစ် “မြေရှား (Rare Earth)” သတ္တုတွေ ရချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖေဖော်ဝါရီ ၃ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းဘက်ကလည်း ဒီအတွက် လိုလိုလားလားရှိနေပြီး အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံနီးပါးရှိတဲ့ အကူအညီအတွက် တန်ဖိုးတူ လိုချင်တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
ဒါပေမဲ့ ထရမ့်ပ် ပြောတဲ့ Rare Earth ဆိုတာက မြေရှား သယံဇာတကိုပဲ ဆိုလိုတာလား၊ အရေးကြီးတဲ့ တွင်းထွက် သတ္တုသယံဇာတတွေ အားလုံးကို ခြုံပြောတာလား ဆိုတာတော့ မရှင်းလင်းပါဘူး။
ပနားမားတူးမြောင်းအခြေအနေနဲ့ ပတ်သက်လို့ကတော့ သိပ်မကျေနပ်ဘူးလို့ပါ ထရမ့်ပ်က မှတ်ချက်ပေးပါတယ်။
တရုတ်လွှမ်းမိုးမှု မလျှော့ချရင် တူးမြောင်းကို ပြန်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့အပြီးမှာ ပနားမားအစိုးရဘက်က တချို့ကိစ္စတွေ သဘောတူပေးထားတယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
ပနားမားတာဝန်ရှိသူတွေနဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကျရင် ဆွေးနွေးမှာဖြစ်ပါတယ်။ ပနားမားကို သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုရဲ့ ခရီးစဉ်အတွင်းမှာ ပနားမားဘက်က တရုတ်ရဲ့ ရပ်ဝန်းတခု လမ်းတခု စီမံကိန်းမှာ ပါဝင်မှု သက်တမ်းမတိုးဖို့ ဆုံးဖြတ်တယ်ဆိုတဲ့ ကတိရခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ပ်က နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ (Soverign Wealth Fund) တခုဖန်တီးဖို့လည်း အမိန့်ထုတ်ခဲ့ပါတယ်။ ဒီရန်ပုံငွေနဲ့ TikTok ကိုတောင် ဝယ်ချင်ဝယ်လို့ရနိုင်တယ်လို့ပါ ထရမ့်ပ်က ပြောပါတယ်။
ဒါပေမဲ့ ပုံမှန်အားဖြင့် ဒီလို ရန်ပုံငွေမျိုးကို ဘတ်ဂျက်ပိုငွေပြတဲ့ ဆော်ဒီတို့ ဒိန်းမတ်တို့လို နိုင်ငံမျိုးမှာပဲ ထူထောင်ကြတာဖြစ်ပြီး ကမ္ဘာအနှံ့မှာ လိုက်လံရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိ ဘတ်ဂျက်လိုငွေပြနေတဲ့ အမေရိကန်မှာ ဘယ်လိုလည်ပတ်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
Source : Reuters